ထီးခီးလမ်း သာမန်ပြင်ထိန်းစရိတ် ရန်ပုံငွေ သိန်းတစ်ရာရရှိ

0
346

ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် ထီးခီးလမ်းကို သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ရန်ပုံငွေကျပ်သိန်းတစ်ရာရရှိထားကြောင်း ထားဝယ်ခရိုင်လမ်းဦးစီးဌာနထံမှ သိရသည်။


မိုးရာသီတွင် အဆိုပါလမ်းရှိနေရာအချို့၌ ပျက်စီးမှုများဖြစ်လေ့ရှိပြီး ကားများခက်ခဲစွာ သွားရလေ့ရှိသည်။


ရရှိသည့်ရန်ပုံငွေဖြင့် ပြီးခဲ့သည့်နှစ်က တောင်ပြိုထားသည့်နေရာများကို ရှင်းလင်းခြင်း၊ ဖုန်ထူနေသည့်နေရာများကို ကျောက်ရောမြေခင်းခြင်းများ ဆောင်ရွက်နေကြောင်း လမ်းဦးစီးဌာန ထားဝယ်ခရိုင်ဦးစီးမှူး ဦးနေအောင်ထူးက ဆိုသည်။


“ဖုန်တွေတအားထူသွားတဲ့ နေရာတွေ အဲဒါတွေဗွက်တန်းဖြစ်မှာစိုးလို့၊ အဲဒါတွေကို ရေမဝပ်အောင် ကျောက်ရောမြေတွေ ပြန်ဖို့တာရှိတယ်” ဟု ဦးနေအောင်ထူးက ပြောသည်။
ယင်းအပြင် အဆိုပါလမ်းပိုင်း မတ်စောက်သည့်နေရာများရှိ ချိုင့်ခွက်များကိုလည်း ကျောက်ရောမြေဖြင့် ဖြည့်နေကြောင်း ၎င်းက ဆိုသည်။


ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကလည်း ရန်ပုံငွေကျပ် သိန်းသုံးထောင်ကျော်သုံးစွဲကာ ပြုပြင်ထိန်းသိမ်းခဲ့သည်။


အဆိုပါထီးခီးလမ်းကို အဆင့်မြှင့်ရန် ထိုင်းနိုင်ငံထံမှချေးငွေယူရန် မြန်မာအစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကာ ချေးငွေရယူရေးအတွက် အဆင့်ဆင့်လုပ်ဆောင်နေဆဲဖြစ်သည်။


ယင်းလမ်းကို ထိုင်းနိုင်ငံ၏ စံနှုန်းဖြစ်သည့် အဆင့် ၄ ရှိ မြဝတီ- ကော့ကရိတ်လမ်းကဲ့သို့ အဆင့်မြှင့်မည် ဖြစ်သည်။