ကိုဗစ်ကြောင့် ဌာနဘဏ္ဍာငွေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲနီးပါး အစိုးရထံပြန်အပ်

0
434

ကိုဗစ်ကပ်ဘေး ဂယက်ကြောင့် တိုင်းအစိုးရအဖွဲ့၏ဘဏ္ဍာရန်ပုံငွေ ခွဲဝေရာတွင်ပါဝင်သည့် ဌာန၊ အဖွဲ့ အစည်း ၂၆ ခုမှ ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်ကျော်ကို တိုင်း အစိုးရထံ ပြန်အပ်စေခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနထံမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေမှ ပြန်အပ်စေခဲ့ပြီး ယင်းငွေကို ကိုဗစ်ရောဂါဂယက်နှင့် အခြား သဘာ၀ဘေးများတွင် ကျခံသုံးစွဲမည် ဖြစ်ကြောင်း ရ/သုံးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေလင်းထက်က ဆိုသည်။

တိုင်းအစိုးရအဖွဲ့ဘဏ္ဍာငွေခွဲဝေ ရာတွင် စည်ပင်သာယာရေးအဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အစရှိသည့် ဌာန အဖွဲ့အစည်း ၂၆ ခု ပါဝင်သည်။

ယင်းဌာန၊ အဖွဲ့အစည်းများ၏ လစာစရိတ်၊ ဝန်ထမ်းနိုင်ငံခြားသွားသည့် စရိတ်၊ တင်ဒါပိုလျှံငွေ စသည့် သာမန် အသုံးစရိတ်များ ထဲမှ ပြန်အပ်စေခဲ့ ကြောင်း ဦးနေလင်းထက်က ဆိုသည်။

ယင်းအပြင် ဝန်ထမ်းအသစ်ခန့် ထားရေးအတွက် လျာထားသည့် ငွေကြေး များကိုလည်း ပြန်အပ်စေခဲ့ကြောင်း ၎င်းက ပြောသည်။

“အရေးပေါ်အခြေအနေမှာ သုံးစွဲ လို့ရအောင်ဆိုပြီးတော့ မဖြစ်မနေ ဌာန အဖွဲ့အစည်းတွေကို စိစစ်ပြီး ပြန်အပ်ခိုင်း တာပေါ့”ဟု ဦးနေလင်းထက်က ပြောသည်။

အဆိုပါ ပြန်အပ်ငွေထဲမှ ကျပ် သိန်းပေါင်း ခုနှစ်ထောင်ကျော်(သိန်း ပေါင်း ၇၃၃၀ ကျော်)ကို လျှပ်စစ်မီတာ တစ်လုံးလျှင် ငါးထောင်ကျပ် ထောက်ပံ့မည့် အစီအစဉ်အတွက် သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း ဦးနေလင်းထက်က ဆိုသည်။

ယင်းအပြင် ပြည်ထောင်စုအစိုးရမှ တိုင်းနှင့်ပြည်နယ်တစ်ခုချင်းအလိုက် ခွဲဝေပေးထားသည့် အရေးပေါ်ရန်ပုံငွေ ဖြစ်သည့် ကျပ်သိန်းပေါင်းတစ်သောင်း လည်း ရှိနေသေးသည်။

အဆိုပါ အရေးပေါ်ရန်ပုံငွေမှ ကျပ်သိန်းပေါင်း သုံးထောင်ကို Facility Quarantine များအတွက် အိပ်ယာနှင့် အခြားလိုအပ်ချက်များဝယ်ယူရန် သုံးစွဲ ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျန်တဲ့ဥစ္စာ(ငွေ)တွေက သဘာ၀ ဘေးနဲ့ ကျန်တဲ့ဥစ္စာတွေသုံးဖို့အတွက် လျာထားတာပေါ့၊ ဒုတိယလှိုင်းအတွက် ရှိသေးတယ်၊ သဘာ၀ဘေးကလည်း ကျန်သေးတယ်”ဟု ဦးနေလင်းထက်က ဆိုသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုး ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အစရှိ သည့် ဦးစားပေးလုပ်ငန်း ၁၂ ခု သတ် မှတ်ထားပြီး ဘတ်ဂျက်ငွေ ကျပ်သန်း ပေါင်း နှစ်သိန်းနီးပါးကို သုံးစွဲရန် လျာထားခဲ့သည်။

Dawei Watch