မေ့ထားကြတဲ့ အစားအသောက်

0
910

ကျွန်မတို့ ရှင်သန်ရပ်တည်ဖို့ နေ့တိုင်း စားနေရတယ်။ ဒါပေမဲ့ လူတွေရဲ့ ဘ၀မှာ အစားအစာရဲ့ အရေးပါပုံကို ကျွန်မတို့ မေ့ထားမိနေသလား။

ဒီမှာ ကျောင်းတက်နေရတဲ့အခိုက် ဗြိတိန် ကျွန်းနိုင်ငံလေးရဲ့ အစားအသောက် ဖူလုံရေး စိုးရိမ်ပူပန်မှုတွေကို မကြာခဏ ကြားရပါတယ်။ တလောကမှ ဗြိတိန် သဘာ၀ပတ်ဝန်းကျင်၊ အစားအသောက်နဲ့ ကျေးလက်ရေးရာဌာနရဲ့ အစားအသောက် မူဝါဒဆိုင်ရာ အကြံပေးလည်းဖြစ်ပြီး လန်ဒန်မြို့မှာရှိတဲ့ စီးတီးတက္ကသိုလ်က အစားအသောက် မူဝါဒဆိုင်ရာ ပါမောက္ခ တင်မ်လန်းက ဗြိတိန်ဟာ စစ်ပွဲကာလ အတွင်းမှာ မဟုတ်ပေမယ့် စစ်တိုက် နေရတဲ့ ကာလတုန်းကလောက်အထိ အစား အသောက် ပြတ်လပ်တဲ့ စိန်ခေါ်မှုမျိုး ရင်ဆိုင်နေရပါပြီလို့ ပြောလိုက်ပါတယ်။

သူရဲ့ စာအုပ်အသစ် Feeding Britain (ဗြိတိန်ကို ကျွေးမွေးခြင်း) ထဲမှာ ဘာလို့ ဒီလို ရဲရဲကြီး ပြောရတာပါလိမ့်။ ရှိရှိသမျှသော အချက်အလက်တွေကို ထိုင်သုံးသပ်ပြီးနောက်မှာ အခြေအနေဆိုး လာတာကို မြင်ရလို့ ဒီလိုပြောရတာလို့ သူက ဆိုပါတယ်။

နိုင်ငံတွင်း စိုက်ပျိုးနေတဲ့အထဲ လူတွေ တကယ်စားသုံးနေတဲ့ အစားအသောက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုပဲ ထုတ်လုပ်နိုင်တယ်။ ဒါကြောင့် နိုင်ငံတကာ ဈေးကွက်ရဲ့ အပြောင်းအလဲဒဏ် ခံရဖို့ များတယ်။ ဥပမာ ဆိုရင် ထွန်ယက်စိုက်ပျိုးနိုင်တဲ့မြေ ဟက်တာ ၆ သန်းလောက်ရှိပေမယ့် ဟက်တာ တစ်သိန်းခြောက်သောင်းကျော် လောက်ကိုပဲ ဟင်းသီးဟင်းရွက်နဲ့ အသီး အနှံစိုက်ပျိုးဖို့ သုံးတယ်။ ကျန်တာတွေကို မွေးမြူရေးလုပ်ငန်းအတွက် ကောက်ပဲ သီးနှံစိုက်တာနဲ့ တာရှည်ခံ အစားအစာ တွေအတွက် စိုက်ကြတယ်။

အင်္ဂလန်က အစားအသောက်အများ စုကို တခြားနိုင်ငံတွေဆီကနေ သွင်းနေရ တယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ် ရောဂါဖြစ်တဲ့အချိန်မှာ ဥရောပနိုင်ငံ တော်တော်များများက နယ်စပ်တွေကို ပိတ်ချလိုက်တဲ့အချိန်မှာတောင် အင်္ဂလန် က လုံးလုံးပိတ်ချလို့ မရတဲ့ အခြေအနေနဲ့ ကြုံရတယ်။

လူတွေက ဒါတွေကို မြင်လာပြီး ခုဆိုရင် အိမ်တိုင်းက ရှိတဲ့ မြေလေးနဲ့ မျိုးစေ့တွေဝယ်ကြ၊ မြေဆွေးတွေ ဝယ်ကြ နဲ့ စိုက်နေကြတာ သိသိသာသာတွေ့ရ တယ်။ ဒီ ၂ လလောက်အတွင်းမှာ မြေဆွေး တွေ ပြတ်တောက်တာအထိ ဖြစ်တယ်။ အစားအသောက် ဖူလုံမှုမရှိတာ လူတွေ မြင်လာရပြီကိုး။ ရှိတဲ့ လုပ်လက်စ လယ်တွေ၊ သီးနှံစိုက်ခင်းတွေကိုတော့ ပုံမှန်အတိုင်း သွားလာခွင့် ပေးနေလို့ သီးနှံစိုက်သူတွေက ပုံမှန်အတိုင်း မြို့က တစ်နိုင်တစ်ပိုင် ရောင်းချတဲ့ ကုန်စုံဆိုင်တွေ ဆီ ပို့ပေးနိုင်သေးတယ်။

မြန်မာပြည်မှာရော။

။။ ။။ ။။

ကျွန်မမှတ်မိသလောက် ထိုင်းပစ္စည်း တွေ လူထုကြား သုံးနေကြတာ ကျွန်မ တစ်သက်ပဲ။ မွန်၊ ကရင်နဲ့ တနင်္သာရီက ထိုင်းနဲ့ နီးတော့ မြ၀တီ၊ ဘုရားသုံးဆူကလာတဲ့ ပစ္စည်းတွေ အလျှံပယ်သုံးရတယ်။ အရင်ကတော့ ဈေးကြီးပေမယ့် ခုတော့ ထိုင်းက ငံပြာရည်က ပြည်တွင်းက ထုတ်တဲ့ ငံပြာရည်ပုလင်းလောက်နီးပါး ဈေးသက်သာနေတယ်။ လူသုံးကုန်ပစ္စည်းနဲ့ စားသောက်ကုန် တွေလည်း ထိုင်း ထုတ်၊ ခုတော့ တချို့နိုင်ငံက ပစ္စည်းတွေ သွင်းလို့ ရနေလို့ တံဆိပ်အမျိုးမျိုး။

အခုဆို ထိုင်းက ဟင်းသီးဟင်းရွက်နဲ့ ရေခဲရိုက် အသား၊ ငါး၊ ကြက်ဥတွေတောင် သွင်းကြတယ်။ ကြက်မောက်သီး၊ ဒူးရင်းသီး ကအစ ဝယ်မယ်ဆို ဘယ်ကလာလဲ မေးယူ ရတဲ့အထိ။

တဖက်မှာလည်း ကိုယ့်ပင်လယ်ပြင် က ထွက်တဲ့ ငါးတွေ၊ ပုစွန်တွေ၊ ကင်းမွန် တွေ ကောင်းပေ့ဆိုတာတွေ အကုန်လုံး ထိုင်း၊ တရုတ်၊ ရန်ကုန် စတာတွေဆီ တင်ပို့တယ်။ အချို့ကလည်း အဲဒီကနေ တစ်ဆင့် ဥရောပကိုသွားတယ်။

ကျွန်မတို့ ငယ်ငယ်ကဆို မှတ်မိနေ သေးတယ်။ ပုစွန်တုပ်တွေဆို အရမ်းဈေး ကြီးလို့ မဝယ်စားနိုင်ဘူး။ တစ်ခါတရံမှသာ နိုင်ငံခြားပို့တဲ့ ပုစွန်တုပ်တွေ၊ ကျောက်ပုစွန် တွေ မတင်ပို့နိုင်လို့ စားရတာမျိုး။ ကျွန်မ တို့ ပင်လယ်ပြင်က ငါး၊ ပုစွန်တွေ ဒီက ပြည်သူတွေ ဘာကြောင့် သင့်တင့်တဲ့နှုန်း နဲ့ မဝယ်စားနိုင်ရတာပါလိမ့်။

ခုတော့ ကိုဗစ်အစွမ်းနဲ့ အိတ်စပို့ ငါး၊ ပုစွန်တွေ ဝယ်လို့ လွယ်လာတယ် ကြားရတယ်။
အရင်ကတော့ ဒီငါးတွေ၊ ပုစွန်တွေ ဟာ ထိုင်းကနေတစ်ဆင့် လတ်လတ် ဆတ်ဆတ် ရေခဲရိုက်၊ ထုပ်ပိုးပြီး မိုင်ပေါင်းများစွာ ဝေးတဲ့ အနောက်နိုင်ငံ တွေဆီကို ပို့နေရတာကိုး။

တစ်ခါတလေ အင်္ဂလန်မှာငါးငတ်လို့ ကုန်တိုက်တွေဆီ ရောက်သွားရင် ကျွန်မ တို့ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်ဆီက လာတာတွေချည်း။ ထိုင်းက ငါး၊ ပုစွန်တွေ တွေ့တိုင်း မြန်မာပြည်က ငါးများ ဖြစ်နေမလားလို့ တွေးမိတာ အခါခါ။

ပြည်ပပို့ကုန် တိုးမြှင့်ရမယ်၊ နိုင်ငံခြား ဝင်ငွေ ရှာရမယ်ဆိုတာတွေက ဘယ်သူ တွေ ရိုက်သွင်းပေးခဲ့ကြတဲ့ ကျွန်မတို့ အားလုံးနားလည် လက်ခံထားကြတဲ့ အတွေးတွေပါလဲ။ ကိုယ့်ဆီက သယံဇာတ ငါး၊ ပုစွန် အပါအဝင် ကောက်ပဲသီးနှံတွေ က အစ ရေနံ၊ သဘာ၀ ဓာတ်ငွေ့တွေအထိ နိုင်ငံခြား တင်ပို့နေတာက ဝင်ငွေရတယ် မှန်ပေမယ့် ရေရှည် တည်တံ့နိုင်ပါသလား။ အစားအစာ ဖူလုံရေးရှုထောင့်ကနေ ပြန်စဉ်းစား သုံးသပ်သင့်ပြီ ထင်ပါတယ်။

ကိုယ့်ဒေသမှာရော အစားအသောက် ဖူလုံပါရဲ့လား၊ ဘယ်နှလစာလောက် လုံလုံလောက်လောက် ရှိနေသလဲ။

ပိုက်ဆံရှိရင် တခြားလိုတာတွေ ပြန်ဝယ်စားလို့ရတယ်ဆိုတဲ့ အယူအဆ က မဟန်ပါဘူး။ ဒီလိုကပ်ဘေးကြုံလာလို့ ပို့ဆောင်ဆက်သွယ်ရေးတွေ ပိတ်လိုက်ရ ချိန်၊ လုပ်ငန်းတွေ ရပ်နားထားရချိန်မှာ ပိုသိသာပါတယ်။

ပြန်စဉ်းစားကြည့်ရင် ကျွန်မတို့တွေ ဘယ်လောက်တောင် သူများအပေါ် မှီခို နေရပြီလဲ။ ဒီလိုဝယ်စားနိုင်ဖို့အတွက် အသီးသီး ဝင်ငွေရှာနေကြရတယ်။ ပိုက်ဆံ မရှိရင် ဝယ်မစားနိုင်ဘူး။ ဘယ်လောက် တောင် ဖြစ်လာလဲဆို ကိုယ့်ဆီမှာ ဖမ်းနေ တဲ့ ငါးတောင် ဈေးပေါပေါ ဝယ်မစား နိုင်တော့ဘူး။

မနှစ်က မိုးတွင်း ရေတွေကြီးလို့ မွန်၊ တနင်္သာရီတလျှောက် လမ်းတွေပြတ် တောက်ပြီး အစားအသောက်၊ ကုန်စည် တွေ မရောက်လာနိုင်တဲ့ အခြေအနေ ကြုံခဲ့ဖူးပြီပြီ။

ကိုယ့်ဒေသအတွင်းမှာ တကယ်လို့ ရေကြီးမှု ပြန်ဖြစ်တယ်ပဲထား၊ စားသုံးကုန် ဘယ်လောက်ရှိပါသလဲ။ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတွေ၊ စိုက်ခင်း တွေက ထွက်တဲ့ အစားအသောက်တွေ၊ လူသုံးကုန်တွေ တိုင်းတစ်တိုင်းစာ၊ ပြည်နယ်တစ်ခုစာ၊ မြို့တစ်မြို့စာ၊ ကျေးရွာ တစ်ခုစာ လုံလောက်ပါရဲ့လား။ ထုတ်နိုင် ပါရဲ့လား။

ရာသီဥတုပေါ် လိုက်ပြီး စိုက်လို့ ရတဲ့ သီးနှံတွေ တိုင်းနဲ့ ပြည်နယ်ပေါ် လိုက်ပြီး ကွဲပြားပေမယ့် ဩညသခကူအကမန လို့ ခေါ်တဲ့ သီးနှံတစ်မျိုးတည်း စိုက်ကြ တဲ့အခါ ဒီလိုအရေးပေါ် အခြေအနေ ကြုံလာရင် အခက်တွေ့ကြရမှာ အမှန်ပဲ။ မြန်မာပြည် အထက်ပိုင်းက တရုတ်ကို ပို့ဖို့ဆိုပြီး စိုက်ထားကြတဲ့ ဖရဲသီးတွေ၊ ပြောင်းဖူးတွေ ကုန်တင်ကားအလိုက် တောင်စောင်းပေါ်ကနေ၊ မြစ်ထဲတွေ ပစ်ချနေကြတာတွေ တွေ့နေရတယ်။

တခြားနိုင်ငံမှာလည်းပဲ ဒီလို သီးနှံ တွေကို အမျိုးစားစုံအောင် စိုက်တာမျိုး မလုပ်ဘဲ တစ်မျိုး၊ ၂ မျိုးကိုပဲ အများကြီး စိုက်ထားသူတွေဟာ အလွန်အန္တရာယ် များတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရလေ့ ရှိပါ တယ်။ ဘေးတစ်ခုခုကြုံလို့ပဲ ဖြစ်ဖြစ်၊ ဈေးကွက် ကမောက်ကမဖြစ်လို့ပဲ ဖြစ်ဖြစ် သီးနှံတွေ ပုပ်လို့ ပစ်ရ၊ ဖျက်ဆီးရ၊ နွားနို့ တွေ သွန်ပစ်ရတာတွေ လုပ်ရတယ်။ သီးနှံတစ်မျိုးတည်း စိုက်သူတွေဟာ အမြဲတမ်း ဈေးကွက်ရဲ့ ရိုက်ခတ်မှုကို ခံရတယ်။ ဈေးကောင်းတဲ့နှစ်ဆို မျက်နှာပန်း လှလို့ အလှူပေးနိုင်၊ သွားလာ ဝတ်စား နိုင်ပေမယ့် ဈေးမကောင်းတဲ့နှစ်ဆို စုထား ဆောင်းထားတာ မရှိရင် ဒုက္ခပင်လယ်ဝေ တဲ့ နှစ်ပေါ့လေ။ ဒီထဲမှာ သီဟိုဠ်တို့၊ ကွမ်းသီးတို့လည်း ပါတယ်။

ဆိုတော့ ဘာတွေ လုပ်သင့်ပါသလဲ။

ကပ်ဘေးမှာ သိသာထင်ရှားတာ တစ်ခုက မြို့မှာ နေသူတွေထက် ရွာမှာ နေသူတွေက အစားအစာအတွက် စိုးရိမ် ကြောင့်ကြရမှု သက်သာနေတာပါ။ တချို့ဆို ကိုယ့်ခြံက ဟင်းစားလေး ခူး၊ စုထားတဲ့ ငါးခြောက် ငါးခြမ်းနဲ့၊ ဒေသမှာ ဖမ်းလို့ ရတဲ့ ငါး၊ ပုစွန်နဲ့ လောလောဆယ် တော့ ကပ်ကာလ နှစ်လဝန်းကျင်တော့ အဆင်ပြေနေသေးတယ်။

ဒါဟာ ကျေးလက် လူနေမှုစနစ်မှာ အစားအစာဖူလုံရေးနဲ့ ပတ်သက်ပြီး အလေ့ အထကောင်း၊ ရေခံမြေခံကောင်း ရှိနေ တယ်ဆိုတာကို ပြတာပါပဲ။

ကျွန်မတို့ ဆီက သူတွေက အိမ် နောက်ဖေး ဈေးဆိုင်တည်ဆိုတဲ့ အလေ့အထ ကောင်း ရှိခဲ့ပါတယ်။

ဆိုတော့ မြေကွက်လွတ်ရှိရင် အိမ်စား သီးနှံမျိုးစုံ စစိုက်ရင်း ကိုယ့်တစ်မိသားစု ဖူလုံအောင် အရင်စလို့ ရတယ်။ အစား အသောက် ဖူလုံရေး လှုပ်ရှားသူတွေက အခုဆိုရင် စိုက်ပျိုးရေးလုပ်တဲ့ တောင်သူ တွေကို ကိုယ်စားသုံးဖို့အတွက် အရင်ဖူလုံ အောင် စိုက်တာမျိုး အားပေးကြတယ်။ ပိုလျှံတာကိုမှ ရောင်းတာမျိုးပေါ့။

အစားအသောက်၊ စွမ်းအင်၊ သုံးစွဲ ကုန်ပစ္စည်းနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ့်ဒေသတွင်း ထုတ်လုပ် နိုင်ဖို့ ပြင်ဆင်ထားနိုင်မှသာ နောက်ထပ် လာမယ့် ဘေးဒဏ်တွေကို ကြံ့ကြံ့ခံနိုင်တဲ့ ဒေသတွင်း စီးပွားရေးကို တည်ဆောက် နိုင်မှာပါ။ တစ်ကြောင်းတည်း အဖြေဖြစ်ချင် မှ ဖြစ်ပါလိမ့်မယ်။ ကိုယ်ဒေသနဲ့ ကိုက်ညီ တဲ့ ပုံစံမျိုးကို လုပ်ကြည့်ကြရမှာပါပဲ။
နောက်တစ်ခုက သိုလှောင် စုဆောင်း တတ်တဲ့ အလေ့အထပါ။

အရေးပေါ် အခြေအနေ၊ အကြပ် အတည်းကာလတိုင်းမှာ အစားအသောက် ပြေးဝယ်ရတာတွေ၊ စုဆောင်းရတာတွေ ကြားနေရမြဲပါပဲ။ ဘိုးဘွားတွေ လက်ထက် တုန်းကတော့ မိုးတွင်းစာ ဆန်၊ ဆီ၊ ဆား၊ ငါးပိသိုလှောင်တဲ့ အလေ့ကို ကျွန်မတို့ တစ်တွေ မှတ်မိနေကြဆဲပါ။ အဲဒီ အလေ့ အထကလည်း ကပ်ဘေးလို အခြေအနေ မျိုးနဲ့ကြုံရရင် အတော် စိတ်အေးသက်သာ ရင်ဆိုင်နိုင်ဖို့ အထောက်အပံ့ဖြစ်ပါတယ်။ အခုဆို မကြာမီ မိုးကျတော့မယ်။ အဲလို အလေ့အထ ရှိသူတွေကတော့ မိုးစာ သိုမှီးထားပြီးရော့ပေါ့။ အဲဒီအလေ့အထကို ဆက်ထိန်းဖို့ ကျယ်ကျယ်ပြန့်ပြန့်ပြန်ကျင့်သုံးလာဖို့ လုပ်သင့်ပါတယ်။

အစိုးရရဲ့ မူဝါဒါတွေမှာလည်း ပြည်တွင်းစားဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့၊ ဓာတုကင်းစင်တဲ့ အစားသောက်တွေ ပြည်တွင်းစားသုံးမှု ဖူလုံအောင် ထုတ်ဖို့ အားပေးတဲ့ မူဝါဒမျိုး မြင်ချင်လှပါတယ်။ ပိုလျှံတာကိုမှ ပြည်ပပို့တာမျိုး လုပ်မယ် ဆိုရင် ပြည်တွင်းက သူတွေလည်း အရသာ ရှိပြီး အရည်သွေးကောင်းတဲ့ အစားသောက် တွေကို သင့်တင့်တဲ့ ဈေးနဲ့ စားနိုင်မယ်။

အကြီးစား စက်မှုနည်းပညာသုံး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေ ကြောင့် တောတောင်ထဲက ဂေဟစနစ် ပျက်ပြားပြီး ရောဂါပိုးလည်း လူဆီရောက်ခဲ့ပြီ။ ရာသီဥတု ဖောက်ပြန်မှု နဲ့ ရောဂါကပ်ဘေးကို ခံနိုင်ရည် ရှိတာက သဘာ၀နဲ့ နီးစပ်တဲ့ စိုက်ပျိုးမွေးမြူရေး စနစ်ပါပဲ။ ဂေဟအခြေပြု စိုက်ပျိုးရေးလုပ်နေသူတွေ မြန်မာ ပြည်မှာ ရှိနေပါပြီ။

ကျွန်မတို့ ရှင်သန်ရပ်တည်ဖို့ နေ့တိုင်း စားနေရတယ်။ ဒါပေမဲ့ လူတွေရဲ့ ဘ၀မှာ အစားအစာရဲ့ အရေးပါပုံကို ကျွန်မတို့ မေ့ထားမိနေသလား။ စနစ်ကြီးကို ပြန်ကြည့်ဖို့ အချိန်တန်ပါပြီ။
အခုလိုမျိုး ဂေဟဖောက်လို့ ကပ်ကြီး တွေ မကြာမကြာ လာတော့မယ့် အချိန်မှာ ပိုအရေးကြီးလာပါပြီ။

ယဉ်စနိုင်း