ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါများတွင် ကျောင်းအပ်ရာခိုင်နှုန်း ကျဆင်းသွားနိုင်ဟု ခန့်မှန်း

0
383

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကြောင့် ငွေကြေးကျပ်တည်းမှုများ ရှိလာ နိုင်သဖြင့် ယခုပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါများတွင် ကျောင်းသူ/သား လာရောက်အပ်နှံနှုန်း ကျဆင်းသွားနိုင်ကြောင်း ထားဝယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါတည်ထောင် သူအချို့က ခန့်မှန်းသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရန် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများကို ယာယီပိတ်ထားရ သည့်အပြင် ဒေသတွင်း အလုပ်အကိုင်နှင့် ထွက်ကုန်ရောင်းဝယ်မှုများလည်း ထိခိုက် မှုရှိခဲ့သည်။

ထို့အပြင် တနင်္သာရီတိုင်းသူတိုင်း သားများ အပါအဝင် မြန်မာနိုင်ငံသား သန်းချီ သွားရောက် အလုပ်လုပ်ကိုင်နေ သည့် ထိုင်းနိုင်ငံတွင်လည်း စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားရသည်ဟု သိရ သည်။

ယင်းကြောင့် ကျောင်းသားမိဘ များတွင် ဝင်ငွေထိခိုက်မှုများ ရှိနိုင်သဖြင့် ယခုပညာသင်နှစ်တွင် ကျောင်းအပ် ရာခိုင်နှုန်း အနည်းငယ်ကျဆင်းသွားနိုင် ကြောင်း ထားဝယ်မြို့ မဟာရွှေဂုဏ်ထူး ကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဦးဇော်ညွှန့်က ပြောသည်။

“အစတုန်းက ကြိုပြီးတော့ သွင်းမယ် ဆိုတဲ့ သူတွေတောင်မှ နောက်ဆုတ်သွား တယ်။ မသွင်းဖြစ်တော့ဘူး”ဟု ဦးဇော်ညွှန့်က ဆိုသည်။

ယခုပညာသင်နှစ်တွင် ကျောင်းသား ဟောင်းများသာရှိမည်ဟု ခန့်မှန်းထားပြီး ကျောင်းသားသစ်များ လာရောက်အပ်နှံ စာရင်းပေးသူ မရှိသေးဟု ဦးဇော်ညွှန့်က ဆိုသည်။

လက်ရှိတွင် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါများ၏ စီးပွားရေးတင်မကဘဲ အခြားစီးပွားရေးများအတွက်ပါ စိန်ခေါ် မှုကြီးတစ်ခု ဖြစ်လာနိုင်သဖြင့် ယခုနှစ် ကျောင်းအပ်လက်ခံချိန်တွင် ငွေသွင်း နည်းကို ဖြေလျော့စဉ်းစားပေးရန်လိုအပ် မည်ဖြစ်ကြောင်း ဦးဇော်ညွှန့်က ပြော သည်။

ယခုနှစ်တွင် အောင်စာရင်း မထွက်သေးသည့်အပြင် ကျောင်းဖွင့်ရက် မသေချာသေးသည့်အတွက် အတိအကျ စာရင်းလာပေးထားသူပင် မရှိသေးဟု ထားဝယ်မြို့ ဥဿရံရပ်ကွက်ရှိ သူ့ထက်စံ ဘော်ဒါမှ တာဝန်ရှိသူ ဒေါ်သူသူမိုးက ပြောသည်။

“စီးပွားရေးအခြေအနေအရ ရုတ်တရက် ကျောင်းဖွင့်လိုက်မယ်ဆိုရင် ရာခိုင်နှုန်း နည်းလိမ့်မယ်လို့ ထင်တယ်။ အရင်နှစ် ကလောက် ရှိမယ်လို့ မထင်ဘူး။ မိဘ တွေရဲ့ ငွေရေးကြေးရေး အခြေအနေ ကြောင့် လာထားမနိုင်တဲ့ အနေအထား တွေ အကျပ်အတည်းတွေ ရှိလိမ့်မယ်လို့ ထင်တယ်၊ ဘာလို့လဲဆိုတော့ အခုချိန်မှာ က စားဖို့သောက်ဖို့ကိုတောင် အနိုင်နိုင် ရုန်းကန်နေရတယ် ဆိုတော့လေ”ဟု ဒေါ်သူသူမိုးက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အခြေခံပညာအတန်းများ၏ အဖြေလွှာ စစ်ဆေးမှုများ ရပ်ဆိုင်းထားရပြီး အောင်စာရင်းထုတ်ပြန်မှုနှင့် သင်ရိုးသစ် သင်တန်းများကိုလည်း မေလ ၁၅ ရက် အထိ ယာယီရပ်ဆိုင်းထားသည်။

မိုးမြင့်