တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နှစ်ထောင်ကျော်အောင်၊ ရှစ်ရာကျော်ဂုဏ်ထူးထွက်

0
1643

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ကျော် အောင်မြင်သည့် အနက် ရှစ်ရာကျော်မှာ ဂုဏ်ထူးထွက်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ (ဇွန် ၁၇) ထုတ်ပြန်လိုက်ပြီး တနင်္သာရီတိုင်းတွင် စာမေးပွဲဖြေဆိုသူ လေးထောင်ကျော် (၄၃၅၉ ဦး) ရှိသည့်အနက် နှစ်ထောင်ကျော် (၂၀၀၃ ဦး) အောင်မြင်ခြင်းဖြစ်သည်။

အောင်ချက်ရာခိုင်နှုန်းမှာ ၄၅ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ၂၀၀၃ ဦးအနက် ၈၀၈ ဦး ဂုဏ်ထူးထွက်ပြီး မြိတ်မြို့နယ်နှင့် သရက်ချောင်း မြို့နယ်က ခြောက်ဘာသာဂုဏ်ထူးထွက်သူ နှစ်ဦးရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

၁ ဘာသာဂုဏ်ထူးထွက်သူ ၆၄၆ ဦး၊ ၂ ဘာသာဂုဏ်ထူးထွက်သူ ၉၂ ဦး၊ ၃ ဘာသာဂုဏ်ထူးထွက်သူ ၃၇ ဦး၊ ၄ ဘာသာဂုဏ်ထူးထွက်သူ ၁၉ ဦး၊ ၅ ဘာသာဂုဏ်ထူးထွက်သူ ၁၂ ဦးရှိပြီး ဘာသာစုံဂုဏ်ထူးထွက်သူ ၂ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

စစ်ကောင်စီက ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ခုန်တက်သွားခြင်းအပေါ် ဝေဖန် ပြောဆိုနေသူများရှိသလို ဂုဏ်ထူးထွက်သူ များပြားနေသည့်အပေါ်လည်း ဝေဖန်မှုများရှိနေသည်။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်သည့်ကာလ၌ ကျင်းပသည့် စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းနှင့် ဂုဏ်ထူးထွက်သူ များပြားနေခြင်းအပေါ် ထောက်ပြကြခြင်းဖြစ်သည်။

ကိုဗစ်ကြောင့် ကျောင်းမပိတ်ခင် နောက်ဆုံး ကျင်းပခဲ့သည့် ၂၀၂၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက် ၃၂ ရာခိုင်နှုန်းကျော်သာရှိသော်လည်း ၂၀၂၂ ခုနှစ်တွင် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းသို့ ခုန်တက်သွားသည်။

၂၀၂၀ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ နှစ်သောင်းကျော် (၂၃၆၈၆) ရှိသည့် အနက် ခုနှစ်ထောင်နီးပါး (၆၇၆၈) အောင်မြင်ခဲ့ပြီး အောင်ချက်ရာနှုန်း ၂၈ ဒသမ ၅၇ ရာခိုင်နှုန်းရှိသည်။ ဂုဏ်ထူးထွက်သူ ၈၄၉ ဦးရှိခဲ့သည်။

တနင်္သာရီတိုင်း အောင်ချက်နှင့် ဂုဏ်ထူးထွက်သူ များပြားသည့်အပေါ် တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကမူ “အဓိကတော့ စာလိုချင်စိတ်ရှိတဲ့သူတွေ များတော့ ဂုဏ်ထူးထွက်တဲ့ သူတွေ များတဲ့ သဘောပါပဲ။ ဒီလိုပဲ အကြမ်းဖျင်းသတ်မှတ်လို့ ရတာပေါ့နော်” ဟု ဆိုသည်။

ယခု ၂၀၂၂ ပညာသင်နှစ်တွင် တိုင်းအတွင်း စာစစ်ဌာန ၂၈ ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား ၁၅၀၀ ကျော်နှင့် ကျောင်းသူ ၂၇၀၀ ကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

စစ်ကောင်စီကကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ တစ်နိုင်ငံလုံးတွင် ၂၈၁၇၅၁ ဦးရှိသည့် အနက် ၁၃၂၀၇၇ ဦးအောင်မြင်သဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမူ စစ်ကောင်စီက ထုတ်ပြန်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းမှာ တရားမဝင်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။