တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
541

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Dawei Watch (ဇွန် ၁၁ – ၁၇)

မန္တလေးတွင် ကမ္ဘောဇဘဏ်ခွဲ (KBZ) ဓားပြတိုက်ခံရ

မန္တလေးမြို့ ၂၆လမ်း၊ ၆၂လမ်းနှင့် ၆၃လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ (KBZ) ဇွန်လ ၁၇ ရက်နေ့ ဓားပြတိုက်ခံရခြင်းဖြစ်သည်။

အဆိုပါဘဏ်မှာ အမှတ် (၃) ရဲစခန်းအနီးတွင် တည်ရှိပြီး ဓားပြတိုက်သူက ဆိုင်ကယ်ဖြင့်လာကာ ပလပ်စတစ်အိတ်အနက်ထုတ်ကို ဘဏ်အဝတွင်ချပြီး ဓားပြတိုက်သွားခြင်းဖြစ်သည်။

ဓာတ်ပုံ – Facebook

PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီပြော

စစ်ကောင်စီက လာမည့်ရွေးကောက်ပွဲတွင် Closed List PR စနစ် အသုံးပြုမည်ဖြစ်ပြီး ယင်းစနစ်နှင့် ပတ်သတ်၍ လူထုဆန္ဒခံယူရန် မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောဆိုသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ထောက်ခံသည့် နိုင်ငံရေးပါတီများနှင့် လေးကြိမ်တိုင် ဆွေးနွေးခဲ့ကာ Closed List PR ကို ကျင့်သုံးကြရန် အများစုက သဘောတူပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကိုလည်း ယင်းစနစ်နှင့် ကိုက်ညီစေရန် ပြင်ဆင်ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒီးမော့ဆိုတွင် ကျောင်းသား ၁၀,၀၀၀ ကျော် ကြားကာလပညာရေးကျောင်းများ၌ သင်ယူ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့် ကြားကာလပညာရေးကျောင်းများတွင် ကျောင်းသား ၁၀,၀၀၀ ကျော် လေ့လာသင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ကိုးကား၍ Mizzima သတင်းဌာနက ဖော်ပြသည်။

စစ်မြေပြင်အတိဖြစ်နေသည့် ဒီးမော့ဆိုမြို့ပေါ်နှင့်ကျေးရွာအချို့မှလွဲ၍ မြို့နယ်အနောက်ခြမ်းနှင့် အရှေ့ ခြမ်းရှိ ကျေးရွာအများစုတွင် စာသင်ကျောင်း ၁၀၀ ကျော်ဖွင့်လှစ်ထားပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ၁၀,၀၀၀ ကျော်ရှိကြောင်း ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါကျောင်းသားများကို စေတနာ့ဝန်ထမ်းနှင့် CDM ဆရာ၊ ဆရာမ ၁,၀၀၀ ကျော်က အခမဲ့သင်ကြား ပေးနေပြီး စစ်ရှောင်စခန်းများရှိ တာလပတ်မိုး၊ တာလပတ်ကာ ယာယီအဆောက်အအုံများတွင် အဆင်ပြေသလို သင်ယူနေကြရခြင်းဖြစ်သည်။

ဓာတ်ပုံ – Myo Satt Hla Thaw

စစ်ကောင်စီလေတပ်ကို ထောက်ပံ့၍ မြန်မာကုမ္ပဏီ ၃ ခုကို ဗြိတိန်အစိုးရ အရေးယူ

တိုင်းရင်းသားဒေသများတွင် လေကြောင်းစစ်ကူ အသုံးပြုနေသည့် စစ်ကောင်စီလေတပ်ကို လေယာဉ် အစိတ်အပိုင်းများ ထောက်ပံ့နေခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်သည့် မြန်မာကုမ္ပဏီသုံးခုကို ပိတ်ဆို့အရေးယူမှု ပြုလုပ်မည်ဟု ဗြိတိန်အစိုးရက ထုတ်ပြန်ကြေညာသည်။

ပိုင်ဆိုင်မှုများကိုထိန်းချုပ်သည့် ဒဏ်ခတ်အရေးယူခံရသော ကုမ္ပဏီများမှာ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နှင့် Sky Aviator Company Ltd တို့ဖြစ်သည်။

သေဒဏ်ချခံထားရသူ ၁၁၄ ဦး ရှိပြီဟု AAPP ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ စစ်ကောင်စီက သေဒဏ်ချမှတ်ထားသူ ၁၁၄ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်သည်။

အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၃) ဦးမှာ သေဒဏ်ချမှတ်ခံထားရပြီး မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၁ ဦး အပါအဝင် ၁၂၀ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည် ဖြစ်ရာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၄) ဦးရှိပြီဖြစ်သည်။

ဒီးမော့ဆိုရှိ ကက်သလစ်ဘုရားကျောင်း မီးရှို့ခံရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့သဖြင့် အဆောက်အအုံများ မီးလောင်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။

ယင်းမီးလောင်မှုကြောင့် ဘုရားကျောင်း၊ ဓမ္မာရုံနှင့် ဘုန်းတော်ကြီးနေအိမ်များ မီးထဲ ပါသွားကြောင်း သိရသည်။

ဓာတ်ပုံ – KNDF

မလုံခြုံသည့် ပုဏ္ဏားကျွန်းမြို့

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၁၆ရက်နေ့တွင် ဖမ်းဆီးသွားပြီးနောက် မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ လက်နက်အပြည့်ကိုင်ဆောင် အင်အား အလုံးရင်းဖြင့် ဝင်ရောက်လာသဖြင့် ဒေသခံများ အထိတ်တလန့် ဖြစ်နေကြသည်။

မြို့တွင်း နေရာ ၂၀ ဝန်းကျင်တွင် စစ်ကောင်စီတပ်က နေရာယူထားပြီး သေနတ်များ ပစ်ဖောက်ခြင်း၊ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ နေအိမ်များကို ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်သည်ဟု ဒေသခံများက ပြောဆိုထားသည်။ ထို့ကြောင့် ဒေသခံများမှာ နေအိမ်အပြင်အထွက်ရဲဘဲ တိတ်ဆိတ်နေပြီး ဈေး၊ ကျောင်းတို့ကိုလည်း ပိတ်ထားရသည်ဟု ဆိုသည်။

ဒေသခံအချို့ ဖမ်းဆီးခံရသည်ဟု သတင်းထွက်နေသော်လည်း အရေအတွက် အတိအကျကို မသိရသေးပေ။

အလားတူ ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်သားနှစ်ဦးကို AA က ဖမ်းဆီးသွား ပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် မြို့ထဲဝင်လာသဖြင့် ဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့ရသေးသည်။