မြိတ်ကေတီဗွီဆိုင်ကိစ္စ ပြစ်ဒဏ်နည်း၍ ပြင်ဆင်မှုတက်ရန် ပြင်

0
775

မြိတ်တွင် ဒေသန္တရအမိန့် ချိုးဖောက် ခဲ့သည့် ကေတီဗွီဆိုင် သုံးဆိုင်အား ဒဏ်ငွေ ကျပ်ငါးသောင်းစီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ပြင်ဆင်မှု တက်ရန် ဆွေးနွေးရန်ရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောသည်။

အမိန့်ထုတ်ပြန်ပြီးနောက် ယင်း ကဲ့သို့ဖောက်ဖျက်ခြင်းမှာ အမိန့်ကို တမင် ဖီဆန်သည့်သဘောဖြစ်နေသည့် အတွက် ပြစ်ဒဏ်တိုးမြှင့်နိုင်ရေး ပြင်ဆင် မှုတက်သင့်^ မသင့် ဆွေးနွေးရန်ရှိကြောင်း ၎င်းက ဆိုသည်။

စည်းကမ်းဖောက်ဖျက်သည့် ကေတီဗီ ဆိုင် ၃ ဆိုင်ကို ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ ဒဏ်ငွေငါးသောင်းပေးဆောင်စေရန် မြိတ်မြို့နယ်တရားရုံးက အမိန့်ချခဲ့ကြောင်း ဦးစိုးမြင့်က ပြောသည်။

“မင်္ဂလာဆောင်တို့၊ ဘုန်းကြီးပျံတို့ ဆိုတာ ဒါကတကယ့် လူမှုရေးကိစ္စပါ။ ကေတီဗွီလိုဟာမျိုးကျတော့ ဒါက သက်သက်မဲ့ အမိန့်ဖီဆန်တဲ့သဘော မျိုးဖြစ်တာ။ ဒီကာလကြီးမှာ ကန့်သတ် ထားတယ်”ဟု တိုင်းဥပဒေချုပ် ဦးစိုးမြင့် က ဆိုသည်။

ထိုကြောင့် ကေတီဗွီဆိုင်ကိစ္စကို ထောင်ဒဏ်အပြစ်ပေးသင့်ပြီး ယင်းကိစ္စ နှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့သို့ တင်ပြမည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ဖောက်ဖျက်ကျူးလွန်သည့် ကေတီဗွီဆိုင်များအပေါ် ဒဏ်ငွေကျပ် ငါးသောင်းစီ အမိန့်ချမှတ်မှုအပေါ် Facebook လူမှုကွန်ရက်ပေါ်တွင် သရော် ထားမှုများ တွေ့ရကြောင်း တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

“ဒါကြောင့် Facebook မှာ ကာတွန်း တွေနဲ့ ငါးသောင်းဆိုရင်တော့ ရော့ တစ်သိန်းယူသွား။ နောက်နေ့အတွက်ပါ တစ်သိန်းယူသွားဆိုတဲ့ သရော်တဲ့ ကာတွန်းတွေပါ တက်လာတဲ့ အနေအထား မျိုး တွေ့ရပါတယ်”ဟု ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

မြိတ်မင်္ဂလာဆောင်သည့်အမှုနှင့် ရေဖြူဘုန်းကြီးပျံအမှုကို ငွေဒဏ်များ ချမှတ်ထားသည်။