မြိတ်တွင်ရေငန်တား တမံကျိုးပြီး လယ်ဧက ရာချီ ရေမြုပ်

0
874

မြိတ်မြို့၏ မြောက်ဘက်ပင်လယ်ကမ်းနဘေးရှိ ကလွင်ကျေးရွာတွင် ရေငန်တားတမံရိုးကျိုးသဖြင့် ပြီးခဲ့သည့်နှစ်ကတည်းက လယ်ဧကသုံးရာခန့်နှင့် ကျေးရွာနေအိမ်အချို့ ရေနစ်မြုပ်လျက် ရှိသည်။


ယမန်နှင့် စပါးရိတ်ရာသီမတိုင်မီ တာရိုးကျိုးသဖြင့် လယ်ဧကရာချီရှိ စပါးများဆုံးရှုံးခဲ့သေးသည်။ ယင်းနောက် တာရိုးကျိုးမှု တဖြည်းဖြည်းများလာပြီး မေလဆန်း၌ လယ်ဧက သုံးရာခန့်အထိ ရေမြုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။


လက်ရှိအချိန်တွင် ရေနစ်မြုပ်နေသည့် နေအိမ်အချို့မှမိသားစုများသည် နီးစပ်ရာအိမ်များတွင် ယာယီနေထိုင်နေကြကြောင်း ယင်းကျေးရွာနေသူများက ပြောပြသည်။


“ဒီရေတက်လာရင် အနီးအနားအိမ်တွေမှာတောင်းပြီး လိုက်နေကြတယ်။ ရေကျသွားရင်တော့ တိုက်ချွတ်ဆေးကြောပြီး ပြန်နေကြရတာပေါ့”ဟု ယင်းတံငါရွာနေသူတစ်ဦး ပြောပြသည်။


လယ်ကွင်းများမှာ နေ့စဉ်ဒီရေတက်ချိန်တွင်း ရေမြုပ်နေပြီး ရွာရှိနေအိမ် ၁၀ အိမ်ဝန်းကျင်မှာ ဒီရေထရက်များတွင် တစ်လနှစ်ကြိမ်ပုံမှန် ရေနစ်မြုပ်လေ့ရှိသည်။


ယင်းကျေးရွာတွင် အိမ်ခြေတစ်ရာကျော်နှင့် လူဦးရေလေးရာခန့်ရှိကာ ကျောင်းသူကျောင်းသား ရှစ်ဆယ်ဦးခန့်သည် ပုံမှန်ကျောင်းဖွင့်ချိန် မိုးရာသီတွင် ဗွက်ထနေသည့် လမ်းအတိုင်းရွာမှ ကျောင်းသို့နှစ်နာရီခန့် လမ်းလျှောက်သွားကြရကြောင်း ရွာသားများထံမှ သိရသည်။


“ဒီတာရိုးကြီးက ကျိုးနေတော့မိုးရာသီဆို ကျွန်မတို့ရွာအတွက်ရော ကလေးတွေအတွက်ပါအန္တရာယ်ကအရမ်းများတယ်” ဟု အသက် ၅၅ နှစ်ခန့်ရှိ ယင်းရွာသူဒေါ်မြသိန်းကပြောသည်။
တာရိုးစတင်ကျိုးသည့်အချိန်ကတည်းက မြိတ်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဌာနသို့တင်ပြခဲ့ကြောင်း ကလွင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဦးရန်နောင်စိုးက ပြောသည်။


ယင်းသို့တင်ပြခဲ့ပြီးနောက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတချို့ လာရောက်ကြည့်ရှုခဲ့ပြီးနောက် ဧပြီလအတွင်းက တာရိုးအဟောင်းနှင့် လယ်ဧကရှစ်ဆယ်ခန့်ချန်လှပ်ကာ ပေငါးထောင်အရှည်ရှိ တာရိုးအသစ်အားပြုလုပ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းကပြောပြသည်။


သို့သော် တောင်းခံထားသည့် ဘဏ္ဍာငွေ မကျသေးဟုဆိုကာ ချက်ချင်းပင်ပြန်သွားသည်ဟု ဆိုသည်။


“ပြောပြီးသိပ်မကြာဘူး။ သူတို့လာ လုပ်ကြတယ်။ တစ်မနက်ပဲလုပ်ပြီးဘက် ဟိုးတင်ပြီးပြန်သွားကြတယ်။ မေးကြည့်တော့ ဒီနှစ်ဘတ်ဂျက် မကျလို့မလုပ်ဖြစ်တော့ဘူးလို့ သိရတယ်”ဟု ဦးရန်နောင်စိုးက ပြောသည်။


တောင်သူများအနေဖြင့် အစိုးရဘဏ္ဍာငွေမကျသေးမီ မိမိတို့၏စုပေါင်းအားဖြင့် စိုက်ထုတ်ပြီး တာရိုးအားပြင်မည်။ ဘတ်ဂျက်ကျသည့်အချိန်တွင် ကုန်ကျစရိတ် မိမိတို့အား ပြန်ပေးပါဟု တောင်းဆိုသော်လည်း ယင်းမှာဌာန၏လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီမှုမရှိသည့် အတွက်မဖြစ်နိုင်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ဦးရန်နောင်စိုးက ပြောပြသည်။


ကျပ်သိန်း ၁၅၀ ကုန်ကျမည့် အရှည်ပေငါးထောင်၊ အမြင့်ထိပ်ဝ အကျယ်ရှစ်ပေ၊ အမြင့်ရှစ်ပေနှင့် အောက်ခြေ အကျယ်နှစ်ဆယ့်လေးပေရှိ တာရိုးအသစ်တစ်ခုကို ၂၀၁၉-၂၀၂၀ ပိုလျှံဘဏ္ဍာငွေမှ ပြုလုပ်ပေးပါရန် ပြီးခဲ့သည့်မတ်လက စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဌာနဦးစီးအရာရှိသို့ တင်ပြခဲ့သည်။ ယင်းမှတစ်ဆင့် တိုင်းအစိုးရအဖွဲ့ထံသို့တင်ပြခဲ့ရာ ယခုနှစ် ဖြည့်စွက်ဘတ်ဂျက်မပေးတော့ဟု သိရှိခဲ့ရကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဌာနမှ မြို့နယ်ဦးစီးအရာရှိက ပြောပြသည်။


“လာမယ့် ၂၀၂၀-၂၁ ဘတ်ဂျက်မှာ လုပ်ဖို့အတွက်ထပ်မံတင်ပြထားပါတယ်။ ဒီနှစ်တော့မဖြစ်တော့ပါဘူး” မြို့နယ်ဦးစီးအရာရှိဦးဝင်းနိုင်က ပြောသည်။


အစိုးရက လာရောက်ပြင်ဆင်ချိန်တွင် ပင်လယ်ဝရှိ တာရိုးဟောင်းကိုမပြင်တော့ဘဲ ကုန်းတွင်းဘက်ပိုရွေ့ကာ တာရိုးအသစ်ဆောက်ရန် စီစဉ်နေခြင်းကို ရွာသားများက စိုးရိမ်နေကြသည်။
ထိုသို့ တာရိုးအသစ်ကို အတွင်းသို့နေရာရွှေ့ဆောက်လိုက်ပါက တာရိုးနှင့် ပင်လယ်အကြား အိမ်ခြေတစ်ရာကျော်ရှိသည့် ကျေးရွာတစ်ရွာနှင့် လယ်ဧက ၈၀ ခန့် ကျန်သွားမည်ဟု ဒေသခံတို့က ဆိုသည်။


ယင်းကြောင့်တောင်သူများနှင့် ယင်းအနီးနေတံငါရွာသားများက တာရိုးအသစ်မလုပ်ဘဲ မူလတာရိုးအဟောင်းကိုသာ ခိုင်မာအောင်ပြန်လည်လုပ်ပေးရန် ဆန္ဒရှိနေကြသည်။


တာရိုးအဟောင်းကို ပြန်လုပ်ပေးနိုင်လျှင် မူလရှိရင်းစွဲလယ်များအားလုံး ပြန်လည်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး တစ်နေ့လုပ်တစ်နေ့စားဘဝဖြင့် လုပ်ကိုင်ကာစားသောက်ရပ်တည်နေရသည့် တံငါရွာကလေးလည်း စိုးရိမ်ကြောင့်ကျမှုမရှိဘဲ နေနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။


“တာရိုးအဟောင်းကိုလုပ်မှ လယ်တွေရောရွာပါ အားလုံးဘေးကင်းလုံခြုံမှုဖြစ်မှာ ဒါကိုချန်ပြီးအထက်မှာ သွားလုပ်ရင်တော့ ကျွန်မတို့ရွာလေးသိပ်မကြာဘူး ပျက်စီးသွားဖို့ပဲရှိတယ်”ဟု ဒေါ်မြသိန်းက ထောက်ပြသည်။


သို့သော် တာရိုးဟောင်းသည် ပင်လယ်ဝဖြစ်နေသည့်အတွက် မိုးရာသီတွင် ဒီရေလှိုင်းပုတ်မှုဒဏ်မခံနိုင်ဘဲ မကြာခဏပျက်စီးမှုများရှိနေသည်။ ယင်းကြောင့် တာရိုးအသစ်ကိုသာ ဦးစားပေးလုပ်ဆောင်သွားရန်ရှိကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှမြို့နယ် ဦးစီးမှူးဦးဝင်းနိုင်က ဆိုသည်။


“တာရိုးဟောင်းက လုပ်ရတာ မလွယ်ဘူး။ ကျောက်တန်းတွေအခိုင်အမာ ချရမယ်ဆိုတော့ ဘတ်ဂျက်သိန်းထောင်ချီပြီး ကုန်ကျသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။


တံငါရွာသားများကမူ တာရိုးအဟောင်းကိုမပြုပြင်ဘဲ လယ်ဧကရှစ်ဆယ်နှင့် အိမ်ခြေတစ်ရာကျော်ရှိသည့် မိမိတို့ရွာအားချန်လှပ်ကာ တာရိုးအသစ်ဆောက်လုပ်လာမည့်အရေးစိုးရိမ် နေကြသည်။


“ဒါကတော့မဖြစ်သင့်ဘူး။ ချန်ပြီးတော့လည်း မလုပ်သင့်ဘူး” ဟုအသက် ၆၂ နှစ်ရှိရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ယင်းရွာသားက ပြောသည်။


ယင်းရွာတွင်နှစ်အစိတ်ခန့်နေထိုင် လုပ်ကိုင်စားသောက်လာသည့် ဒေါ်မြသိန်းက ပင်လယ်ဒီရေများ အတားဆီးမဲ့ဝင်ရောက်လာနေသည့် ကျိုးကျနေဆဲလတ်တလောဥပက္ခာပြုထားခြင်းခံနေရသည့် တာရိုးဟောင်းအားရီဝေသည့် မျက်ဝန်းတစ်စုံဖြင့်ငေးကြည့်ရင်း ၎င်း၏စိုးရိမ်သောကကိုဖွင့်ဟ ပြောဆိုသည်။


“သူတို့ကအဲဒီလိုလုပ်ခဲ့မယ်ဆိုရင်တော့ မိုးရာသီရောက်ရင် မိုးရေနဲ့တက်လာမယ့် ဒီရေပေါင်းပြီး ကျွန်မတို့တစ်ရွာလုံး သိပ်ကြာမယ်မထင်ပါဘူး။ ဒီရေလှိုင်းတွေ အောက်မှာပျောက်ကွယ်သွားဖို့ပဲ ရှိတော့တယ်”

ကိုဆန်း