ကိုယ်အပူချိန်မြင့်တက်နေသည့် လေယာဉ်ခရီးသည်နှစ်ဦးကို ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် သီးခြားထားရှိ

0
441

အဲကမ္ဘောဇ လေကြောင်းလိုင်းဖြင့် ဧပြီလ ၂၉ ရက်က ရန်ကုန်မှ ထားဝယ်သို့ လိုက်ပါလာသူများအနက် ကိုယ်အပူချိန် မြင့်တက်နေသူနှစ်ဦးကို ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင် သီးခြားခွဲထား ကာ စောင့်ကြည့်ကုသပေးနေကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိမရှိ သိရှိရန်အတွက် ၎င်းတို့နှစ်ဦး၏ ဓာတ်ခွဲ နမူနာများကို ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းသို့ ပေးပို့စစ် ဆေးထားပြီး နောက်နှစ်ရက်ခန့်အကြာ တွင် အဖြေသိရမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်း က ဧပြီလ ၃၀ ရက်က ပြောသည်။

“နှစ်ယောက်လုံးကတော့ ကိုဗစ်ရောဂါ ဖြစ်ဖို့တော့ မနီးစပ်ဘူး။ တစ်ယောက်က သွေးလွန်တုပ်ကွေးရောဂါလက္ခဏာမျိုး ရှိတယ်။ နောက်တစ်ယောက်ကတော့ ကိုဗစ်ရောဂါမဟုတ်တဲ့ တခြားရောဂါ လက္ခဏာ ရှိတယ်။ အဖျားတိုင်းတဲ့ စက်ကိုဖြတ်တဲ့အချိန်မှာ အဖျားတက် နေလို့ ဆရာတို့က ခေါ်ထားလိုက်တာပေါ့ နော်”ဟု ဒေါက်တာထွန်းမင်းက ဆိုသည်။

ဓာတ်ခွဲအဖြေမရရှိမီကာလတွင် သီးခြားခွဲထားမည်ဖြစ်ပြီး ဓာတ်ခွဲအဖြေရ ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမတွေ့ဟု အဖြေထွက်ပါက ရိုးရိုးလူနာဆောင်တွင် ပြန်လည်ထားရှိကာ ကုသပေးသွားမည် ဖြစ်ကြောင်း ဒေါက်တာထွန်းမင်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ထိန်းချုပ်ရန်အတွက် အခြားတိုင်းနှင့် ပြည်နယ်မှ တိုင်းအတွင်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းဖြင့် လာရောက် သည့် ရက်ရှည်နေထိုင်မည့်သူများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ စောင့် ကြည့်ရေး စခန်းများတွင် ၂၁ ရက် စောင့်ကြည့်ခံရမည်ဖြစ်ပြီး အိမ်တွင် ၇ ရက် ထပ်မံစောင့်ကြည့်ခံရမည်ဖြစ် ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထား သည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့လူနာ ၁၅၁ ဦးရှိပြီး သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်ပြီး ပြန်လည်ကျန်းမာလာသူ ၂၈ ဦးနှင့် ဆေးရုံမှဆင်းခွင့်ရသူ ၁၇ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မိုးမြင့်