ညမထွက်ရ၊ သို့သော် . . .

0
624

ကမြောကင်းတံတားထိပ် ဗိုလ်မှူးကြီး ဗထူးကြေးရုပ်အနီး နံနက်လေးနာရီ တိုင်းတွင် လူအုပ်ကြီးက စောင့်နေသည်။ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ကမြောကင်းတံတားဖွင့်ချိန်ကို စောင့်နေသူများ ဖြစ်သည်။ ခန့်မှန်း လူဦးရေ ၅၀ မှ ၁၀၀ ဦး အကြား ရှိသည်။

အားလုံးနီးပါးမှာ ဈေးသည်များ ဖြစ်သည်။ ထားဝယ်မြို့ပေါ်ရှိ ကမ်းနားဈေးသို့ သုတ်ခြေတင်ဈေးသွားဝယ်မည့်သူများ ဖြစ်သည်။

အချို့ဈေးသည်များမှာ ည ၁၂ နာရီ ထိုးကတည်းကပင် ကမြောကင်းတံတား ထိပ်ကို ကြိုရောက်နေကြပြီဖြစ်ကြောင်း ဈေးသည်အချို့ထံမှ စုံစမ်းသိရှိရသည်။

“အရေးယူခံရတတ်တယ်လို့ သိတော့ သိတယ်။ ကြောက်ကြောက်နဲ့ပဲ စမ်း ကြည့်မယ်။ ဖြစ်လဲမတတ်နိုင်ဘူး။ ဒီ အလုပ်ပဲလုပ်ပြီးစားနေတာ။ ဒီအလုပ် မလုပ်ရရင် ဘာသွားစားမလဲဆိုပြီး ထွက်လာတာ”ဟု နဘုလယ်ဘက်မှ ရောင်းကုန်လာဝယ်သည့် ဈေးသည်အမျိုးသမီး တစ်ဦးက ဆိုသည်။

ညမထွက်ရအမိန့် မထုတ်ပြန်မီ ပုံမှန် အချိန်တွင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာ များမှ ဈေးသည်များသည် ထားဝယ်မြို့ ကမ်းနာဈေးသို့လာကာ ဟင်းသီး၊ ဟင်း ရွက်၊ သား၊ ငါးများကိုဝယ်ယူပြီး အချို့က ရွာဈေးများ၊ အချို့က ကားဆိုင်ကယ် တို့ဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချကြသည်။

ထိုသို့ လာစောင့်နေသူများတွင် ဈေးသည်များသာမကဘဲ ထားဝယ်မြို့မှ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေး ရွာဘက်သို့ ဆင်းမည့် ရေခဲကားများ လည်းပါဝင်သေးသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန များက ည ၁၀ နာရီမှ နံနက် ၄ နာရီ အချိန်အထိ ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်လိုက်ပြီးနောက် ကမြောကင်းတံတားကိုလည်း နံနက် လေးနာရီမှသာ ဖွင့်ပေးတော့သည်။

ကိုဗစ် – ၁၉ ရောဂါသည် အများ ပြည်သူ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက်သေဆုံးသည်အထိ ဖြစ်လာနိုင် သဖြင့် စိုးရိမ်ဖွယ်ရာ ကျန်းမာရေးကိစ္စမှ လွဲ၍ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုရန် အမိန့်စာတွင်ဖော်ပြထားသည်။

ယင်း ညမထွက်ရအမိန့်ကြောင့် ကျေးလက်မှ ဈေးသည်များသည် ကမ်းနား ဈေးတွင် ရောင်းကုန်များဝယ်ရန် နံနက် ၄ နာရီဝန်းကျင်အချိန် ကမြောကင်း တံတားထိပ်သို့ တစ်စုတဝေးတည်း ရောက်လာကြတော့ သည်။

“တံတားက ငါးမိနစ်တောင် ကြို မဖွင့်ပေးဘူး။ လေးနာရီဆို လေးနာရီမှ ဖွင့်ပေးတာ။ တံတားဖွင့်ပေးလိုက်တာနဲ့ သူဦးငါအရင် (ကမ်းနား)ဈေးအရောက်အောင် ပြေးလာနေရတယ်”ဟု လောင်းလုံး မြို့နယ်ကျေးရွာများတွင် ကားဖြင့် ဈေး လိုက်ရောင်းချနေသော ကိုအေးမင်းကိုက ပြောသည်။

တံတားထိပ်တွင် လူစုလူဝေးဖြင့် တစ်ကြိမ်စောင့်ဆိုင်းပြီးသော ဈေးသည် များသည် ကမ်းနားဈေးအရောက်တွင်လည်း လူအုပ်ကြားထဲ တိုးဝင်ကာ ဈေးဝယ်ကြရ သေးသည်။

“ဈေးရောက်တော့လည်း လုလု ယက်ယက်လိုက်တိုးပြီး ခေါ်တဲ့ဈေးနဲ့ ဝယ်။ ရွာမှာသွားရောင်းရင် ဈေးက မကိုက်။ တော်တော်ပင်ပန်းတယ်။ အခု ပုံစံက ဈေးနှုန်းကို မြှင့်တင်နေသလို ဖြစ်နေ တယ်”ဟု ကိုအေးမင်းကိုက ပြောသည်။

အချိန်နောက်ကျပြီးမှ ဈေးများသို့ သွားရောက်ရောင်းချနေရသဖြင့် ရောင်း အားမှာလည်း ယခင်လိုမကောင်းဘဲ ထက်ဝက်ခန့်ပင်ကျဆင်းသွားကြောင်း နယ်ဈေးသည်အချို့ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကမူ လူစုလူဝေး မဖြစ်စေရန် တားမြစ် နေချိန်ညမထွက်ရအမိန့်က ဈေးတွင် လူစုလူဝေးကို ပိုဖြစ်စေကြောင်း ကိုအေး မင်းကိုက ပြောသည်။

“အရင်တုန်းက လူမတိုးရဘူးလေ။ အခုက တစ်ထိုးတည်း လွှတ်ထည့်လိုက် တော့ လူတွေက ဈေးမှာပဲ အောတိုက် လာပုံနေကြတာပေါ့။ တံတားထိပ်မှာလဲ အောတိုက်၊ ဈေးမှာလည်းအောတိုက်။ အခုမှ လူစု၊ လူဝေးက ပိုဖြစ်များနေတာ”ဟု ကိုအေးမင်းကိုက ပြောသည်။

ညမထွက်ရအမိန့်နှင့် ထိပ်တိုက် တွေ့နေသူများထဲတွင် ရော်ဘာခြံပိုင်ရှင် နှင့် အလုပ်သမားတို့လည်း ပါဝင်နေသည်။

ကျေးရွာအချို့က သတ္တိကောင်းသူ တွေကမူ ပုံမှန်အတိုင်း ရာဘာခြစ်နေမြဲ။ ကြောက်တတ်သူတို့ကမူ ခြံထဲတွင် ည သွားအိပ်ကာ ရောဘာခြစ်နေကြသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး အချို့ကလည်း နားလည်မှု ပေးထားကြသည်။ ရာဘာ ခြစ်သမားတို့ကလည်း ဈေးသည်များနှင့် တစ်လေသံတည်း ထုတ်ဖော်ပြောဆိုသည်။

“ရာဘာနားပြီးရင် ဘာလုပ်စားမလဲ ဒီအလုပ်ပဲရှိတာကို”ဟု ထားဝယ်မြို့နယ် စော်၀ကျေးရွာမှ ရာဘာခြံပိုင်ရှင် အမျိုး သမီးတစ်ဦးက ပြောသည်။ ယင်း အမျိုးသမီး မှာ ညဘက် ရာဘာခြံတွင် မိသားစု အလိုက်သွားအိပ်ကြသည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ဂယက်သည် တစ် ကမ္ဘာလုံးတွင် လူမှုစီးပွားရေးများကို ထိခိုက်စေသည့် ကိစ္စဖြစ်သောကြောင့် အမိန့်ညွှန်ကြားချက်တစ်ခုခုသည် အခြား တစ်ခုခုကို ထိခိုက်သည့် အခြေအနေ မျိုးမဖြစ်စေရန် ကြိုတင်စဉ်စားသင့် ကြောင်း ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းများ တွင် ကူညီနေသည့် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ ဦးသန့်စင်က ပြောသည်။

တနင်္သာရီတိုင်းတွင် ဈေးသည်များ၊ ရာဘာခြစ်သမားကဲ့သို့ သူ့အချိန်နှင့်သူ လုပ်ကိုင်နေရသူများရှိနေ သဖြင့် အမိန့် ညွှန်ကြားချက် တစ်ခုခုကို ထုတ်ပြန် မည်ဆိုက မြေပြင်အခြေအနေနှင့်ကိုက် ညီသည့်အချက်များကို ထည့်သွင်းစဉ်းစား မှသာလျှင် ထိရောက်သည့် အမိန့်ညွှန် ကြားချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ညမထွက်ရ အမိန့်ကို ဖောက်ဖျက် သည်ဟုဆိုကာ ဧပြီလ နောက်ဆုံး အပတ် အတွင်း ထားဝယ်၊ မြိတ်တို့မှ လူဦးရေ ဆယ်ချီကို တရားစွဲခဲ့သည်။ သို့သော် ဝမ်းရေးအတွက် မဖြစ်မနေ ထွက်မှ ဖြစ်မည့် သူများအတွက် မည်သို့ ဆောင် ရွက်ထားသည်ဆိုသည်က မေးခွန်း ဖြစ်နေဆဲ ဖြစ်သည်။

“ဒီလိုမဟုတ်ရင်တော့ အမိန့်သည် စက္ကူကျားဖြစ်ပြီးတော့ နောက်မှာ ဒီအမိန့် ကို အကောင်အထည်ဖော်လို့ မဖြစ်နိုင်တဲ့ အခြေအနေနဲ့ကြုံရလိမ့်မယ်”ဟု ကိုသန့်စင် က ဆိုသည်။

ကျော်သူစိုး