မိုးစပါးချေးငွေ ထုတ်ချေးမည်၊ သို့သော် လူစုလူဝေး မဖြစ်ရ

0
472

မေလဆန်းပိုင်းတွင် စတင်ထုတ် ချေးပေးရတော့မည့် မိုးစပါးချေးငွေများ အတွက် တနင်္သာရီတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများနှင့် လယ်သမားတို့သည် စိုးရိမ်စိတ်များရှိနေကြ သည်။

ယခုနှစ်မိုးစပါးချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများတွင် ထုတ်ချေးပေးမည်မဟုတ်ဘဲ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် မြို့နယ်များရှိ အားကစားခန်းမများ၊ ဘာသာရေး အဆောက်အဦများတွင် ထုတ်ချေးပေး နိုင်ရန် စီစဉ်နေကြောင်း အထက်ပါဘဏ် တိုင်းမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြော သည်။

ယင်းသို့ထုတ်ချေးရန်အတွက် ငွေ ချေးလုပ်ငန်းစဉ်ကို လုပ်ဆောင်မည့် သူများအပြင် လူစုလူဝေးမဖြစ်စေရန် စီမံပေးရမည့် သူများလည်းလိုအပ်လာသည် ဖြစ်ရာ ရှိသည့်ဘဏ်ဝန်ထမ်းနှင့် မလုံ လောက်မည်ကို ၎င်းက စိုးရိမ်လျက် ရှိသည်။

ယင်းအပြင် ငွေကြေးလုံခြုံမှုကိစ္စ၊ မိုးစပါးချေးငွေကိစ္စကြောင့် ဘဏ်ဝန် ထမ်းများနှင့် လယ်သမားများထံ ဗိုင်းရပ်စ် ကူးစက်မှု ရှိလာမည်တို့ကိုလည်း စိုးရိမ် နေကြောင်း ဒေါ်မိုးမိုးလွင်က ပြောသည်။

“တကယ်လို့သာ ဝန်ထမ်းတစ်ဦး ဦးသာ ကူးစက်တာခံရမယ်ဆို ဝန်ထမ်း တစ်စုံလုံးက ကွာရင်တင်းဝင်ရတော့မှာ။ အဲလိုဆိုရင် အဲဒီမြို့နယ်က လယ်သမား တွေက ဘယ်သူက ငွေချေးပေးတော့မလဲ”ဟု ၎င်းက ဆိုသည်။

လက်မှတ်အစား လက်ဗွေနှိပ်ပေးရ သည့် အလုပ်ကိုလုပ်ဆောင်ရမည်ကို အစိုးရိမ်ဆုံးဖြစ်ကြောင်း ထားဝယ်ခရိုင်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်း တစ်ဦးက ဆိုသည်။

ကိုရိုနာကြောင့် ယခုနှစ်မိုးစပါး ချေးငွေ ထုတ်ပေးတော့မည်မဟုတ်ကြောင်း ကောလဟလသတင်းများကြောင့် ချေးငွေ မရမည်ကို လယ်သမားအချို့ စိုးရိမ်လျက် ရှိသည်။

“လယ်သမားတွေက မိုးစပါးချေး ငွေကိုပဲ အားကိုးပြီး လယ်ထဲဆင်းနေရ တာကို။ အခုချိန်က ရွှေရှိလို့ရောင်းရင် တောင် ဝယ်မယ့်သူမရှိဘူး။ ချေးငွေက လည်း မရတော့ဘူးလိုလို ပြောနေကြ တော့ ပိုပြီးစိုးရိမ်နေတာပေါ့”ဟု လောင်းလုံး မြို့နယ် စစ်ပြဲကျေးရွာက လယ်သမား တစ်ဦးဖြစ်သူ ဦးသောင်းတင်က ပြော သည်။

လက်ရှိတွင်တော့ ကနဦး တစ်မြို့နယ် လျှင် လယ်သမားတစ်ထောင်နှုန်းကို ချေးငွေ ထုတ်ချေးပေးရန် စာရင်းပြုစုထားပြီးဖြစ် ကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

ကျော်သူစိုး