မာရသွန်အတွက် သက်လုံကောင်း လိုပါသည်

0
640
editorial

ကိုရိုနာရောဂါပိုးကြောင့် ဖြစ်လာသည့် ကိုဗစ်နိုင်တီး ရောဂါကပ်ဘေးသည် လက်ရှိ အလွန်လျင်မြန်စွာ လည်ပတ်နေသော ကမ္ဘာကြီးကို ဂျမ်းတုံးခုပစ်လိုက်သည်။ လူသန်းထောင်ချီ အပြင်မထွက်ရတော့။ စက်ရုံများ ရပ်ဆိုင်းထားရသည်၊ ခရီးသွားလာမှုများ ရပ်ကုန်သည်။

မူလက ဝန်အားနှင့် မမျှလည်ပတ်နေရသော ကမ္ဘာကြီးအတွက် ခေတ္တခဏ အနားယူချိန်ရသွားသည်။ သို့သော် မနိုင်မနင်း ကမ္ဘာကြီးကို အခြေပြုကာ သာသာ ယာယာ လည်ပတ်နေသော လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံးမှာ အမျိုးမျိုးသော ဆိုးကျိုးများ စတင်ခံစားရတော့သည်။

ကျန်းမာရေး ဂယက်မှသည် စီးပွားရေး ကျဆင်းမှုတို့အပြင် စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်လာသည်။ လူသည် အဖော်နှင့် အပေါင်းနှင့် နေတတ်သူများဖြစ်ရာ အိမ်တွင်သာ နေရသောအခါ၊ အပေါင်းအဖော်များနှင့် တွေ့ဆုံပျော်ပါးရခြင်း မရှိရသောအခါ စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်လာသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း အစိုးရက စတင် ထုတ်ပြန်ခဲ့သည်မှာ တစ်လရှိပြီဖြစ်သည်။ တစ်လကျော်အတွင်း မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ရှိသူ ၁၄၄ ဦး ရှိခဲ့ပြီး ငါးဦး သေဆုံးခဲ့သည်။

မြန်မာနိုင်ငံ အခြားနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ရောဂါပိုးတွေ့ရှိမှုနှင့် အဆုံးအပါး နည်းပါးလှသည်။ သို့သော်လည်း မူလကတည်းကပင် ခံနိုင်ရည်အားနည်းပါးသည့် နိုင်ငံဖြစ်သည်နှင့် အညီ ကိုဗစ်ဒဏ်ကို မရှုမလှ ခံစားနေရသည်။ ကျန်းမာရေးဒဏ်ထက် စီးပွားရေး အရ ရိုက်ခတ်မှုက ပိုကြီးမားလာပြီး နောင်တွင် ထိုထက်ပိုဆိုးလာရန် ရှိသည်။ မရေရာမှုတို့အကြား စိတ်ဓာတ်ရေးရာလည်း ထိခိုက်လာနိုင်သည်။

အလုပ်အကိုင် ရပ်နားလိုက်ရသူများရှိသည်။ လာမည့် စိုက်ပျိုးရာသီ အတွက် တွေးပူနေရသူများ ရှိသည်။ ယင်းအပြင် မိုးဝင်တော့မည်ဖြစ်ရာ ဖြစ်လေ့ရှိသော ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတို့ ဒဏ်ကိုလည်း ပိုစိုးရိမ်စရာ ဖြစ်ရသေးသည်။

ကိုဗစ်ကပ်ကြီးမှ တစ်ချိန်ချိန်တွင်တော့ ပြန်လည် နာလန်ထလာနိုင်သည်။ မည်သည့် အချိန်တွင် ဖြစ်မည်ကိုတော့ မသိပါ။ နိုင်ငံခေါင်းဆောင်များ၊ မူဝါဒ ချမှတ်သူများသည်လည်း နောက်မျိုးဆက်အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရတော့မည်။ ကိုဗစ်အလွန် ကမ္ဘာ့အခင်းအကျင်းသစ်ကို မြင်ရနိုင်သည်။

အခင်းအကျင်းသစ်သည် ပိုကောင်းသော၊ ပိုနေပျော်သော၊ ပိုရောဂါကင်းသော၊ ကမ္ဘာကြီးပေါ်ရှိ ဂေဟဝန်းကျင်နှင့် ပိုဟန်ချက်ညီစွာ နေထိုင်နိုင်သော အခြေအနေများ ဖြစ်လာရန် မျှော်လင့်သည်။
သို့သော် ယင်းအခြေအနေကို လက်လှမ်းမီကြုံတွေ့ခံစားနိုင်ရန်တော့ သက်လုံကောင်းဖို့ လိုသည်။

မြန်မာနိုင်ငံအပါအဝင် လူသားတို့ကို ကိုဗစ်က ရုတ်တရက် မာရသွန်စာမေးပွဲ စစ်လိုက်သည်။ သက်လုံကောင်း ခံနိုင်ရည်ရှိကြပါရန်၊ စိတ်ရှည် သည်းခံကြပါရန် အလေးပေးဆုတောင်း၊ တိုက်တွန်းလိုက်ပါသည်။

အယ်ဒီတာ (ဧပြီ ၂၅၊ ၂၀၂၀)