ကိုဗစ် အတွေး

0
492

နွေဟာ တိမ်းတိမ်းပွေပွေ။ ကိုဗစ် ကြောင့် အိမ်တွင်းအောင်းဖို့ အကြောင်း ဖန်လာပေမယ့် လူအများစုက ကြာကြာ တွင်းအောင်း နေဖို့ဆိုတာ သိပ်မှမလွယ် တာပဲလေ။ မလွယ်ပေမယ့်လည်း ငဗစ် ကြောက်တော့ တတ်နိုင်သမျှ အိမ်ထဲနေရ တာပဲ။ မတ်လဆန်းမှာ ခါးဆစ်အရိုးခွဲထား တော့ အလိုအလျောက်အိမ်ထဲမှာနေရမယ့် အကြောင်းက ဖန်ပြီးသားဆိုတော့ ခြေမှာ ဗွေပါသလို ခရီးတွေ သွားနေတတ်တဲ့ ကျွန်တော့်အဖို့တော့ အဆိုးထဲက အကောင်းလို့ပဲ ဆိုရမယ်။

တနင်္သာရီတိုင်းမှာ ပိုးမတွေ့သေး သော်ငြား မတ်လအလယ်လောက် ကတည်းကနေ အခြေအနေတွေက လှုပ် လှုပ်ရှားရှားမို့လား။ အထူးအားဖြင့် သင်္ကြန် ကာလ မိသားစုထံ ပြန်လာကြမယ့် ပြည်တော်ပြန်များအရေးက တိုင်းအတွင်း ရိုက်ခတ်မှုအရှိဆုံး အကြောင်းအရာ။ နိုင်ငံခြားကဆိုရင် ထိုင်းက၊ မလေးရှားက၊ စင်ကာပူက။ ပြည်တွင်းကဆိုရင် ရန်ကုန်က၊ ကော့သောင်းက စသည်စသည်။ အားလုံးနီးပါးက ရောဂါကူးစက်ခံနေရတဲ့ နေရာနဲ့ ရောဂါကူးစက်ခံရနိုင်ခြေ အရမ်း များတဲ့နေရာတွေကဆိုတော့ သူသူကိုယ် ကိုယ် စိတ်ပူကြတာပါပဲ။

ဆိုတော့ . . . သူ့နယ်ကိုယ့်နယ် ကိုဗစ်ကာကွယ်ရေးတွေ လုပ်ကြလေပြီ။ အစိုးရက အသွားအလာ ကန့်သတ်စောင့် ကြည့်တဲ့အစီအစဉ် (quarantine – ကွာရီတင်း)တွေ မကြေညာခင်ကတည်းက ရွာတွေမှာ နေရပ်ပြန်လာသူတွေ ရှိနေ ခဲ့ပြီ။ ထားဝယ်၊ မြိတ်စတဲ့ ခရိုင်အဆင့် တွေက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအသင်းတွေ စုပေါင်းပြီး ကိုဗစ်ကာကွယ်ရေး အစီအစဉ်တွေဆွဲကြ၊ အစိုးရကို ပြောတန်ရာပြော၊ ပြည်သူ လူထုကို အသိပညာပေးအလုပ်တွေ လုပ်တန်ရာလုပ်။ နာရေးအသင်းတွေ လည်း အလုပ်ရှုပ်ကြ။

တကယ်တမ်း အစိုးရက ကွာရီတင်း ဖို့ ပြောတဲ့အချိန်မှာ ရပ်ကျေးက အုပ်ချုပ်ရေး၊ ကျန်းမာရေးဌာနက လူတွေအတွက် ရင်မောဖွယ်ကြီးနဲ့ ကြုံခဲ့ရတာပါ။ အားလုံး က နေအိမ်တွေမှာ ဆယ်ရက်တန်သည် တစ်ပတ်တန်သည်ရောက်နှင့် နေကြပြီး အဲဒီလူတွေကို တစ်အိမ်တက်ဆင်းနဲ့ ကွာရီတင်းနေရာတွေမှာ လာနေဖို့ စည်းရုံးပြောဆိုရတဲ့အလုပ်ဟာ အပြော လွယ်သလောက် အလုပ်ခက်တယ်မို့လား။ ရန်ဖြစ်လွှတ်တဲ့လူတွေကိုတော့ အာဏာ သုံးပြီးခေါ်ကြရတာပါပဲ။

ယူနီဖောင်းဝတ် ရဲအရာရှိတွေပါတဲ့ ရွာတွေကတော့ ပြော စရာသိပ်မများ။
ထိုင်းကပြန်လာပြီး အိမ်မှာရောက် နေတာ ဆယ်ရက် တစ်ပတ်ရှိပြီးမှ ၁၄ ရက်မပြည့်သေးရင် လက်ကျန်ရက်တွေကို ကွာရီတင်း စင်တာမှာ လာနေရမယ်ဆိုတဲ့ ညွှန်ကြားချက်ကလည်း ပြန်စဉ်းစားကြည့် ရင် ကြောင်တောင်တောင်ရယ်ပါ။ ဘာပဲ ဖြစ်ဖြစ် ရောဂါပိုးရှိနေရင်တော့ လက်ကျန် ရက်တွေမှာ အခြားသူတွေကို ထပ်မဖြန့် အောင်တော့ တားဆီးနိုင်သေးတာပါပဲ။

အမှန်က ဒီအချိန် ဒီရာသီမှာ ပြည်တော် ဝင်လာကြမယ်ဆိုတာ အစကတည်းက သိထားပြီးမို့ နယ်စပ်မှာ ကြိုကြိုတင်တင် စောင့်ဆိုင်းပြီး ရောက်ရောက်ချင်း ကွာရီတင်းစေလိုက်မယ်ဆိုရင် ခုကိစ္စက ဒီလောက်ကြီး အကျယ်အကျယ် မငြိမ်း ဖွယ်ဖြစ်စရာ မရှိ။ သိရသလောက် လူမှု အဖွဲ့အစည်းတွေက အဲဒီလိုကြိုစီစဉ်ဖို့ အစိုးရကို အတန်တန်တိုက်တွန်းခဲ့ပေမယ့် အစိုးရဘက်ကလည်း ချက်ချင်းအကောင် အထည်ဖော်ဖို့ အခက်အခဲတွေ ရှိခဲ့ပေ လိမ့်မယ်။

လူထုအခြေပြု အထောက်အပံ့စုံ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာ (Community Based Facility Quarantine Center) လို့ဆိုသော်ငြား အများစုကဘာ အထောက်အပံ့ပစ္စည်းမှ မရှိကြ။ လူမှုကူညီရေးအသင်းတွေ အား ကောင်းတဲ့၊ အလှူရှင်တွေများတဲ့ ရပ်တွေ ရွာတွေမှာတော့ အရပ်က ဝိုင်းကြဝန်းကြနဲ့ အတော်အသင့် အဆင်ပြေသော်ငြား အဲသည်လို မရှိတဲ့ ကျေးရွာများက ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဒုက္ခက မသေး လှ။ လူတွေကို ၁၄ ရက် (နောက်ပိုင်း ၂၁ ရက်သို့ပြောင်း) စားဖို့၊ နေဖို့၊ အိပ်ဖို့ စီစဉ်ရတယ်ဆိုတာ သေးလှတဲ့အလုပ် တော့ မဟုတ်။ အစိုးရက ညွှန်ကြားချက် တွေပဲရောက်လာပြီး လိုအပ်ချက်ကျ နှာခေါင်းစည်းလေးတစ်ခုတောင် ပံ့ပိုး ဖော်မရဘူးလို့ အချို့ကျေးရွာတွေက ရင်ဖွင့် ကြတယ်။

ဘာပဲဖြစ်ဖြစ်အလှူအတန်းရက် ရောတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများပီပီ လုပ်စရာရှိတာကို ဝိုင်းလုပ်၊ အဆင်ပြေ တာရှိသလို ပြဿနာပေါင်းသောင်းခြောက် ထောင်တက်တာလည်းရှိလေရဲ့။ ဆိုးတာ က ညွှန်ကြားချက်တွေဟာ အချိန်နောက် ကျပြီးမှ ထွက်တာ၊ တစ်နေရာနဲ့တစ် နေရာ တူညီမှုမရှိတာတွေက အခြေအနေ တွေကို ပိုဆိုးလာနေစေပါတယ်။

ဥပမာ တိုင်းအတွင်းသွားလာသူတွေ ကလွဲပြီး ကျန် ပြည်တွင်း/ပြည်ပက ဝင်လာသူတွေ ကွာရီတင်းဝင်ရမယ်ဆိုတဲ့ ညွှန်ကြားချက် မထွက်ခင်ကာလကလို မျိုးပေါ့။

ကမ္ဘာတလွှား ကူးနှုန်းမြန်၊ သေနှုန်း မြင့် လာတာကို သတင်းမီဒီယာတွေက နေတစ်ဆင့် မြင်နေကြားနေ တွေ့နေတဲ့ လူထုဟာ စိုးရမ်ပြီး ကာကွယ်ရေးလုပ်ငန်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့အသီးသီး လုပ်ဆောင်လာကြတယ်။ အစိုးရက မညွှန် ကြားပေမယ့် ရန်ကုန်က ပြန်လာသူတွေကို ရွာတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကွာရီ တင်းဝင်စေတာ မျိုးတွေ ဖြစ်လာတော့ အုပ်ချုပ်ရေးယန္တရားအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့သလို သက်ဆိုင်ရာရွာတွေမှာ လည်း အချင်းများမှုတွေကို ဖန်တီးခဲ့ တယ်။

နောက်တစ်ခုက ရွာအဝင်^နယ် အဝင်တွေမှာ ဂိတ်တွေဖွင့်ပြီး ကျန်းမာ ရေးစစ်ဆေးတာ။ လူတွေကို အဝင်မခံတာ စတဲ့ အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ ကာကွယ်ရေးအတွက် အထောက်အပံ့ဖြစ် စေတဲ့အလုပ်တွေမို့ အားပေးဖို့ ကောင်း ပေမယ့် တစ်တိုင်းလုံးအနေနဲ့ ပုံစံတကျ ဖြစ်အောင် လုပ်ရမယ့်အသေးစိတ်ညွှန် ကြားချက်တွေကို အစိုးရက ထုတ်ပြန်ပေး ထားရင် မလိုအားအပ်တဲ့ ပြဿနာတွေ ကိုလည်း ရှောင်လွှဲပြီးသားဖြစ်သွားမှာပါပဲ။

ဘာပဲဖြစ်ဖြစ် တစ်ကျောင်းတစ် ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ကိုဗစ်ကာကွယ် ရေးခရီးကတော့ အရှိန်ကောင်းနေဆဲ။

ကိုဗစ်ကပ်ဘေးဟာ ကမ္ဘာကြီးရဲ့အစိတ်အပိုင်းအားလုံးနီးပါးမှာ ပုံမှန် လည်ပတ်နေမှုကို ရပ်တန့်သွားအောင် အထိ တစ်ခါမှမကြုံစဖူး အတွေ့အကြုံ အသစ်အဆန်းကြီး။ ခေတ်သစ်လူသား သမိုင်းရဲ့ ဒီဘေးဆိုးကို နိုင်ငံအသီးသီးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံး ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ လူအတော် များများဟာ တတ်နိုင်တဲ့ဘက်က ပါဝင် ကူညီနေကြတာဟာ အားရဖွယ်လည်း ဖြစ်ပါတယ်။ အာဏာရအစိုးရအနေနဲ့ တချို့ကိစ္စတွေမှာ အခုထက်ပိုပြီး မှန်မှန် ကန်ကန်ဦးဆောင်မှုပေးနိုင်ရင် ကာကွယ် ရေးလုပ်ငန်းတွေကို ပိုပြီးကောင်းမွန် အောင် ဆောင်ရွက်နိုင်မယ့်အပြင် စေတနာ့ ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်နေသူ တွေအတွက် ပိုပြီး စိတ်အားတက်ဖွယ်တွေ ဖြစ်လာဖို့အကြောင်း ရှိနေပါတယ်။

ကပ်ဘေးဆိုးဟာ လူ့အဖွဲ့အစည်း အတွင်း ဘယ်သူက ဘယ်လောက်အရည် အချင်းရှိတယ်ဆိုတာကိုပါ မီးမောင်း ထိုးပြ နေပါသေးတယ်။ တစ်ပြိုင်နက်မှာ အာဏာရအစိုးရအတွင်း ပါဝါချိန်ခွင်လျာ ကိုပါ လှစ်ပြလိုက်ပြီး ဗဟိုနဲ့တိုင်းဒေသ ကြီးအကြား ချုပ်ကိုင်မှု အတက်အကျ အနည်းအများကိုပါ ညွှန်းပြပါတယ်။ သို့ပေမယ့် တစ်ကမ္ဘာလုံးက ပြဿနာ ကိုဖြေရှင်းဖို့ ကောင်းနိုးရာရာလုပ်နေချိန် မှာ တိုင်းအစိုးရဆီက အများကြီးမျှော် လင့်နေရင်လည်း ကျွန်တော်တို့ နောင်တ ရစရာ ဖြစ်နေပါလိမ့်ဦးမယ်။

တကယ်တမ်းကျတော့ တနင်္သာရီ တိုင်းအစိုးရဟာ ဗဟိုနဲ့မဲဆန္ဒရှင်ပြည်သူ များအကြား ပဲကြီးလှော်ကြားက ဆားပွင့် လို ဗျာများပြီး ကြားညှပ်မိနေတယ်လို့ လည်း ဆိုလိုက ဆိုနိုင်ပါသေးတယ်။ လျှပ်စစ်ကိစ္စက အကောင်းဆုံး ဥပမာလို့ ဆိုရပါမယ်။

မဟာဓာတ်အားလိုင်းရောက် တဲ့နေရာတိုင်း လျှပ်စစ် သုံးစွဲခ ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ဟာ တနင်္သာရီတိုင်း အတွက် အကျုံးမဝင်ခဲ့။ တနင်္သာရီတိုင်း အစိုးရက ပြည်ထောင်စုမှာ တောင်းဆို ထားပေမယ့် နောက်ဆုံးတော့ လျှပ်စစ် လုပ်ငန်းရှင်တွေ ဆီမှာ မေတ္တာရပ်ခံတာနဲ့ နောက်ဆုံးအဆုံးသတ်ထားရပြန်တယ်။ ဒီလျှပ်စစ်ကိစ္စဟာ တနင်္သာရီတိုင်းသူ တိုင်းသားတွေနဲ့ ပြည်ထောင်စုအစိုးရ အကြားက နာတာရှည်ရောဂါဆိုးကြီးဖြစ်ပြီး အမြန်ဆုံးကုသပျောက်ကင်းနိုင်ဖို့ အရေးကို နောင်မှာ တိုင်းအစိုးရ/လွှတ်တော်ကို ရောက်လာလိုသူတွေအတွက် အကြီးစားစိန်ခေါ်မှုလည်း ဖြစ်ပါတယ်။

ရောဂါကာကွယ်ရေးအတွက် ရှေ့တန်း က ဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် လိုအပ်ချက်တွေကို နေရာဌာန မျိုးစုံကနေ တောင်းခံ/အလှူခံ နေရုံမျှသာမက တိုင်းတွင်းသားတွေ အတွက် လျှပ်စစ်ရဖို့ပါ လုပ်ငန်းရှင်တွေဆီ လက်ဖြန့်နေရတဲ့ အစိုးရရဲ့ကံကြမ္မာက ပြောရရင် တော်တော်ဆိုးနေပါပြီ။

အစိုးရဌာနဆိုင်ရာများနဲ့ ပြည်သူ တွေအကြားပေါင်းကူးပေးရာမှာ လွှတ်တော် အမတ်တွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူး။ ရန်ကုန်က ရောဂါ ကူးစက်ခံနေရတဲ့ အင်းစိန်မြို့နယ်က လွှတ်တော်အမတ်ဟာ ကျွန်တော့် ဆရာမ မို့သူမရဲ့ နေ့တဓူ၀ လှုပ်ရှားမှုတွေကို လူမှုကွန်ရက်မှာ နေ့တိုင်းမြင်နေတွေ့နေရ တယ်။ ကွာရီတင်းစင်တာတွေ၊ ရပ်ကွက် တွေထဲက ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံ ပြီး လိုအပ်ချက်တွေ/ဆောင်ရွက်ဖွယ်တွေ ကို ဌာနဆိုင်ရာတွေ နဲ့ပြည်သူတွေအကြား ကူးလူးဆက်ဆံ ပေးနေတာ။ အောင်မြင်မှု တွေရနေတာ တွေ့ရတော့ တိုင်းအတွင်းက အမတ်တွေကို ပြန်သတိရမိစေပါတယ်။

တိုင်းအတွင်းမြို့နယ်အချို့က လွှတ် တော်အမတ်တချို့ဟာ တက်ကြွပြီး အစိုးရ ညွှန်ကြားချက်တွေ မထွက်ခင် ကတည်းက ရောဂါကာကွယ်ရေးအလုပ်တွေမှာ အရပ် ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေ တာကို တွေ့ရတော့ စိတ်အားတက်ရပါ တယ်။ ကိုဗစ်မဖြစ်ခင်က စီမံကိန်းကြီးတွေ။ ကုမ္ပဏီတွေနဲ့တွေ့ဆုံပွဲတွေမှာ မျက်နှာချေကလေးလိမ်းပြီး ဇာတ်မင်း သားလို လူလုံးပြနေတတ်တဲ့ အမတ်တချို့ ကတော့ ခုအချိန်မှာ ကြက်ပျောက် ငှက်ပျောက်ဖြစ်နေလေရဲ့။ ဘာပဲဖြစ်ဖြစ် ကိုဗစ်ဟာ ဘယ်သူက ဘာဆိုတာ လှစ်ပြ လိုက်ပြီပဲလေ။

ခုအချိန်မှာလူပြောအများဆုံးနောက်အကြောင်းအရာတစ်ခုက ကိုဗစ်အလွန် ဆိုတဲ့ စကားလုံးပါ။ ကိုဗစ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုဖွဲ့စည်းပုံ အစရှိတဲ့ နိုင်ငံရဲ့ သို့မဟုတ် တိုင်းရဲ့ အရေး ကြီးတဲ့ အကြောင်းအရာတွေအပေါ်ကျွန် တော်တို့ရဲ့ အမြင်ကို ကြီးကြီးမားမား ပြောင်းလဲပစ်လိုက်တော့မှာဖြစ်ပါတယ်။ ကိုဗစ်မတိုင်ခင်က ကျွန်တော်တို့လုပ်လက်စ၊ တွေးလက်စ၊ စီစဉ်လက်စ အလုပ်တွေ၊ အတွေးတွေ၊ ယုံကြည်မှုတွေအထိပါ လှုပ် လှုပ်ခတ်ခတ် ဖြစ်သွားမယ့်အရေးကို ထင်ထင်ရှားရှား တွေ့လာနေပါပြီ။ နိုင်ငံ ရေးပါတီတွေအပေါ်ပြည်သူလူထုရဲ့ သဘောထားအမြင်၊ ယုံကြည်မှု နဲ့ပါတီ တွေရဲ့ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ ဟာ ကိုဗစ်ကြောင့် မေးခွန်းထုတ်စရာ တွေဖြစ်လာခဲ့ပါပြီ။

ကပ်ဘေးလို ခေါင်းခဲဖွယ် ကိစ္စတွေ ကို ကိုင်တွယ်ဖြေရှင်းရတာဟာ လူထု ထောက်ခံမှုတစ်ခုတည်းနဲ့ မရတော့ပါ ဘူး။ မှန်ကန်တဲ့ ခေါင်းဆောင်မှုနဲ့ ဖြန့်ထွက် ပြီး နေရာအသီးသီးက မတူညီတဲ့ စွမ်းပကားတွေကို စုစည်းပေးနိုင်တဲ့ ပေါင်းစပ်ဦးဆောင်မှု ပုံစံမျိုးတွေကို ကျွန်တော်တို့စဉ်းစားဖို့ အချိန်ကျရောက် ပါပြီ။

သမိုင်းတစ်လျှောက် ရေမစိုတဲ့ သင်္ကြန်ကို ပထမဆုံးအကြိမ် ကျွန်တော် တို့ကြုံတွေ့ခဲ့ရဖူးပါပြီ။
ဧပြီလနှောင်းပိုင်းကို ရောက်လာ သည့်တိုင် မိုးက မြန်မာပြည်တောင်ပိုင်းကို မှန်းထားသလောက် နှုတ်မဆက်သေး။ နွေဟာ ထုံးစံအတိုင်း နေ့တွေရောညတွေ ကိုပါ ခြစ်ခြစ်တောက်ပူစေတယ်။ အရပ် ဒေသအသီးသီးမှာ သောက်သုံးရေ ပြတ် လပ်မှုတွေ ကြုံလာနေရပြီ။

ကိုဗစ်ကာကွယ်ရေးနဲ့လုံးပမ်းနေရတဲ့စေတနာ့ဝန်ထမ်းအဖွဲ့တွေဟာ ရေရှားတဲ့ကျေးရွာတွေ ဘက်ကို အုပ်စုခွဲပြီး ခြေဦးစလှည့်ကြ ရတယ်။ ကိုဗစ်ကူးစက်မှုများလာတဲ့ ထိုင်း နဲ့စင်ကာပူက တိုင်းသူတိုင်းသားတွေ အရေးကလည်း တစ်နေ့တစ်ခြား ပိုပိုပြီး စိတ်ပူဖွယ်ဖြစ်လာတယ်။

တိုင်းအစိုးရ အစီအစဉ်နဲ့ဖွင့်ထားတဲ့မြို့ပေါ်က ကွာရီ တင်းစခန်းတွေမှာတော့ ရက်ပေါင်းများစွာ တိုင်အောင် အလှူရှင်တွေက ကျွေးမွေးလှူ ဒါန်းနေရဆဲ။ ရက်ကြာလာတော့ ရပ်ကျေး တွေမှာလည်း ကာကွယ်ရေးပစ္စည်းတွေ ပြတ်လပ်လာနေပြီ။

ကိုဗစ်ဟာ တနင်္သာရီတိုင်းမှာ မဖြစ်သေး။

နွေဟာ တိမ်းတိမ်းပွေပွေ။ မီးလောင် နေတဲ့တောင်တန်းတွေပေါ်က မီးခိုးငွေ့ တွေကိုပါ အဖော်အဖြစ် သယ်လာလိုက် သေးတယ်။

အောင်လွင်(ကံပေါက်သား)