ဆရာမအား ကတ်ကြေးထောက် လုယက်သူ နောက်ထပ် လုယက်မှုတစ်ခု ထပ်ကျူးလွန်

0
1715

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာ အထက်တန်းကျောင်း(ခွဲ) ယာယီကျောင်း အုပ်ဆရာမကို ကတ်ကြေးထောက် လုယက်သွားသူ အမျိုးသားသည် နောက်ထပ် အလားတူ လုယက်မှုတစ်ခုကို ထပ်မံဖြစ်ပွားပြီးနောက် ဖမ်းမိသွားကြောင်း လောင်းလုံးမြို့ မြို့မရဲစခန်းနှင့် မောင်းမကန်နယ်မြေ ရဲစခန်းထံမှ သိရသည်။

ရခိုင်ပြည်နယ်မှ အသက် ၂၇ နှစ် အရွယ်အမျိုးသားသည် ဖေဖော်ဝါရီလ ၁၂ ရက်က ဝေဒီ အထက်တန်းကျောင်း(ခွဲ) မှ ယာယီကျောင်းအုပ် ဆရာမထံမှ ဖုန်းနှစ်လုံးနှင့် ငွေကျပ်တစ်သိန်းနှစ် သောင်းကို ကတ်ကြေးထောက် လုယူခဲ့ သည်။

ယင်းလုယက်မှုဖြစ်ပြီး နောက်ထပ် ခြောက်ရက်အကြာ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရေဖြူမြို့နယ် ရလိုင်ကျေးရွာသူ တစ်ဦးထံတွင် ဓားထောက်လုယက်ခဲ့ခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့မစခန်းမှူး ဒုရဲမှူး ဝင်းလွင်က ပြောသည်။

ရလိုင်ကျေးရွာသူအား လုယက်ရာ တွင်လည်း ဝေဒီကျောင်းဆရာမအား လုယက်ခဲ့သည့် ပုံစံအတိုင်းပင် ဆိုင်ကယ် ဖြင့် နောက်မှလိုက်လာပြီး ပိန်းရှောင် ကျေးရွာနှင့် ဒေါင်းရှောင်ကျေးရွာချင်းဆက်လမ်းအပေါ်အရောက်တွင် ရှေ့မှ ဆိုင်ကယ်ပိတ်ရပ်ကာ လုယူပြီး ထွက်ပြေး သွားကြောင်း မောင်းမကန်နယ်မြေ ရဲစခန်းထံမှ သိရသည်။

လုယက်ထွက်ပြေးသွားသူအား မြို့ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ဆီမှာ(ဝေဒီ ကျောင်း ဆရာမကိစ္စ) ဖြစ်တာကတစ်ခု မြို့ဟောင်း ရွာမှာဖြစ်တာကတစ်ခု တစ်ယောက် တည်းက ကျူးလွန်လို့ ဒီမှာလဲအမူဖွင့်ထား လိုက်တယ်။ ကျွန်တော်တို့ပူးပေါင်းပြီး စစ်လိုက်တော့ နှစ်ခုစလုံးပေါ်ပါတယ်”ဟု ဒုရဲမှူး ဝင်းလွင်က ဆိုသည်။

ဝေဒီကျောင်းဆရာမထံမှ လုယက်သွား သည့် ဖုန်းနှစ်လုံးနှင့် ငွေကျပ်တစ်သိန်း ကျော်မှာ ပြန်မရတော့ဘဲ ရုံးသုံးပစ္စည်း နှင့် မှတ်ပုံတင်တို့ကိုမူ ဆရာမထံ ပြန်လည်ပေးအပ် ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းလုယက်မှုနှစ်ခု ကျူးလွန်သူ အား လောင်းလုံးမြို့မရဲစခန်းနှင့် မောင်းမကန်နယ်မြေရဲစခန်း တွင် အမှုဖွင့်လှစ် ဆောင်ရွက်နေကြောင်း ယင်းရဲစခန်းနှစ်ခု ထံမှ သိရသည်။

ကျော်သူစိုး