တိုင်စာကိစ္စ ကိုယ်စားလှယ် အမေး၊ ဝန်ကြီးအဖြေ

0
795

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် ပြည်သူလူထု၏ တိုင်ကြားစာများကို မည်သို့ဆောင်ရွက်နေကြောင်း တနင်္သာရီ မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက မေးမြန်းခဲ့သည်။

နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ နှင့်အညီ တိုင်တန်းသူ၏ တရားဝင်ခံစား ခွင့်ရှိသော အခွင့်အရေးကို အပြည့်အဝ ရရှိစေရေး မည်သို့ဆောင်ရွက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က မေးမြန်းခဲ့ခြင်းသည်။

တိုင်းအစိုးရအဖွဲ့အနေဖြင့် ပြည်သူ လူထု၏ တိုင်ကြားစာများကို ကိုင်တွယ် ဖြေရှင်းရာတွင် လချီကြာမြင့်သည်အထိ တိုင်ကြားသူထံ တစ်စုံတရာ ဖြေရှင်း အကြောင်းမှု မရှိသည်များ ရှိနေကြောင်း ဦးရဲမြင့်ဆွေက လွှတ်တော်တွင် ပြောဆို ခဲ့သည်။

နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ ပုဒ်မ ၆ တွင် “တိုင်တန်းလွှာပါ နစ်နာချက်များသည် တရားဝင်ခံစားခွင့်ရှိသော အခွင့်အရေးနှင့် စပ်လျဉ်းသည့် နစ်နာ ချက် မှန်ကန်ကြောင်း တွေ့ရှိသည့်အခါ တိုင်တန်းလွှာ ရရှိသော အာဏာပိုင် အဖွဲ့အစည်းသည် အရေးယူဆောင်ရွက် ပေးပိုင်ခွင့်ရှိလျှင် တိုင်တန်းသူ၏ တရားဝင်ခံစားခွင့်ရှိသော အခွင့်အရေး ကို အပြည့်အဝ ရရှိစေရေး အရေးယူ ဆောင်ရွက်ပေးရမည်” ဟု ဖော်ပြပါရှိသည်။

၎င်း ဥပဒေ ပုဒ်မ ၉ တွင်လည်း “တိုင်တန်းလွှာ ရရှိသော အာဏာပိုင်အဖွဲ့ အစည်းသည် တိုင်တန်းလွှာနှင့် စပ်လျဉ်း သည့် ဆောင်ရွက်ချက်ကို တိုင်တန်းသူ ထံ အကြောင်းကြားရမည်”ဟု ဖော်ပြထား ရာ တိုင်းအစိုးရအနေဖြင့် ၎င်းဥပဒေနှင့် အညီ မည်သို့ဆောင်ရွက်နေကြောင်း ဦးရဲမြင့်ဆွေက မေးခွန်းထုတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်တွင် ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်း အဝေးတွင် ယင်းသို့ မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုမေးခွန်းကို တိုင်းအစိုးရအဖွဲ့ ကိုယ်စား ဝန်ကြီးတစ်ဦးက ဖြေဆိုရာတွင် မေးခွန်းပါအချက်များကို ပြည့်စုံစွာ မဖြေဆိုခဲ့သဖြင့် ဦးရဲမြင့်ဆွေက ပြည့်စုံစွာ ဖြေဆိုရန် တောင်းဆိုရာ ဝန်ကြီးက စာဖြင့် ပြန်ဖြေမည်ဟု ပြောဆိုခဲ့သည်။

ထိုမေးခွန်းအတွက် တိုင်းအစိုးရ အဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက် ရက်စွဲဖြင့် စာပြန်လာပြီဖြစ်ကြောင်း ဦးရဲမြင့်ဆွေထံမှ သိရသည်။

တိုင်းအစိုးရအဖွဲ့၏ စာတွင် ပြည်သူ လူထုမှ ပေးပို့လာသည့် တိုင်ကြားစာများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အချိန်နှင့်တပြေးညီ ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း ပါဝင်သည်။

တိုင်းအစိုးရမှ စိစစ် ဖြေရှင်းပေးရ မည့် ကိစ္စရပ်များအား သက်ဆိုင်ရာဌာနများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနများသို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်တင်ပြရန် ညွှန်ကြားခြင်း၊ တိုင်စာ စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းစိစစ်စေ ခြင်းတို့ လုပ်ဆောင်နေaကြောင်း ဖြေဆို ထားသည်။

ယင်းသို့ တိုင်ကြားသူနှင့် တိုင်ကြား ခံရသူများကို စိစစ်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေ ပြန်လည်တင်ပြလာမှုအပေါ် သက်ဆိုင်ရာ ကာယကံရှင်များမှ လိုက်နာဆောင်ရွက်ရမည့် အချက်များရှိပါက ကာယကံရှင်များထထံ အသိပေးရှင်း လင်း အကြောင်းကြားရန် ညွှန်ကြားခြင်း၊ ပြည်ထောင်စုအဆင့်သို့ တင်ပြလမ်းညွှန် မှု ခံယူရမည့် ကိစ္စရပ်များအား တင်ပြ၍ လမ်းညွှန်မှု ခံယူခြင်းများကို အချိန်နှင့် တပြေးညီ ဖြေရှင်းဆောင်ရွက်လျှက် ရှိကြောင်း တိုင်းအစိုးရအဖွဲ့က ဖြေဆိုခဲ့သည်။

ယင်း ဖြေဆိုသည့်စာတွင် ဝန်ကြီးချုပ် ကိုယ်စားအဖြင့် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က လက် မှတ်ထိုးထားသည်။

ယင်း ဖြေဆိုချက်များနှင့် ပတ်သက် ၍ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက မည်သို့မျှ မှတ်ချက်မပြုလိုတော့ဟု ပြောသည်။

တိုင်းဒေသကြီးအစိုးရသည် ပြည်သူတို့၏ တိုင်ကြားစာများ လက်ခံရရှိ ကြောင်း၊ မည်သို့ဆောင်ရွက်နေကြောင်း တိုင်ကြားသူအား အကြောင်းပြန်စာ ပေးပို့လေ့ မရှိပေ။

Dawei Watch