ကော့သောင်းက ဆလုံငါးဆယ်ကျော်ကို မှတ်ပုံတင်ထုတ်ပေး

0
667

ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျွန်းတွင် နေထိုင်သည့် ဆလုံတိုင်းရင်းသား ငါးဆယ်ကျော်ကို ဖေဖော်ဝါရီလ ၂၅ ရက်က နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ထုတ်ပေးခဲ့ကြောင်း ယင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန(လ၀က)ထံမှ သိရသည်။

ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဇာဒက်ကြီးကျွန်းမှ ဆလုံတိုင်းရင်း သားများအား မှတ်ပုံတင်ပြုလုပ်ပေးရန် အကြောင်း ကြားလာသဖြင့် ယင်းတိုင်းရင်း သားများကို ကော့သောင်းမြို့ကို ခေါ်ယူ ကာ နေ့ချင်းပြီး မှတ်ပုံတင် ပြုလုပ်ပေးခဲ့ ခြင်းဖြစ်ကြောင်း အထက်ပါဌာန ဦးစီးမှူး ဦးစောဝင်းကြည်က ပြောသည်။

“လာလုပ်တဲ့သူတွေကတော့ မှတ် ပုံတင် လုံး၀မရှိသေးတဲ့သူတွေလဲ ပါတယ်။ တချို့က အသက်ပြည့်လို့ ပြန်လဲတဲ့ သူလဲ ပါတယ်”ဟု ဦးစောကြည်ဝင်းက ပြောသည်။

ယင်းကဲ့သို့ ထုတ်ပေးရာ မှတ်ပုံတင်ပါ လူမျိုးနေရာတွင် “ဆလုံ”ဟု ဖြည့် သွင်းခဲ့ကြောင်း ၎င်းက ပြောသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ ဆလုံတိုင်းရင်းသားများတွင် မှတ်ပုံတင် မရှိသေးသည့်သူများ အတော်များများ ရှိနေသေးပြီး မှတ်ပုံတင်လုပ်လိုကြောင်း အကြောင်းကြားလာပါက နေ့ချင်းပြီး ထုတ်ပေးနိုင်ရန်အတွက် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့သော်လည် ဆလုံတိုင်းရင်သား များသဘာ၀အရ နေရပ်တွင် အတည်တကျမရှိဘဲ ပင်လယ်ထဲတွင် နေထိုင်ခြင်း တို့ကြောင့် ကွင်းဆင်းမှတ်ပုံတင်လုပ်ဆောင်ပေးရန် အခက်အခဲရှိကြောင်း ကော့သောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန(လ၀က)ထံမှ သိရသည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ခန့်အပ်ပြီးနောက် တိုင်းအတွင်း နေရာအတော်များများတွင် ကွင်းဆင်းမှတ်ပုံတင် ပြုလုပ်ပေးခြင်း များ ရှိလာခဲ့သည်။

ကျော်သူစိုး