လေညာကြိုးဝိုင်းအတွင်း တောင်ငုံးရင်မဲငှက် စားကျက်တွင် ဧကရာချီ တောခုတ်မီးရှို့နေ

0
610

ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင် မြို့မှ ရတနာပုံကျေးရွာသွားသည့်လမ်း ၂၇ မိုင်ရွာအနီး ဘုရားထံဒေသ၊ လေညာ သစ်တော ကြိုးဝိုင်း(အဆိုပြုအမျိုးသား ဥယျာဉ်)အတွင်း တောင်ငုံးရင်မဲငှက်တို့ ကျက်စားသည့်တောတွင် ဧကရာချီ တောခုတ် မီးရှို့နေကြောင်း ထားဝယ် သုတေသနအဖွဲ့မှ ကိုရှိန်းသူလွင်က ပြောသည်။

ကိုရှိန်းသူလွင်နှင့် ငှက်ကြည့်အဖွဲ့ တို့ ယင်းတောသို့သွားသည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် မီးရှို့ထားသည့်နေရာများ၊ သစ်ခုတ် တောရှင်းနေသည်များ တွေ့ခဲ့ရ ပြီး ပြန်လာသည့် ၂၅ ရက်အထိ ငှက်ကြည့်သည့်နေရာ နံဘေးတွင်ပင် သစ်ခုတ်နေသည်ကို တွေ့ခဲ့ရသည်ဟု ၎င်းက ပြောသည်။

ယင်းသို့ မီးရှို့ထားသည့် ပမာဏမှာ ဧက ရာချီသည်ဟု ကိုရှိန်းသူလွင်က ခန့်မှန်းသည်။

“ခန့်မှန်းပေါ့။ ဒါက အဲဒီနေရာ တစ်ကွက်ပဲ ရှိသေးတယ်။ တခြားနေရာ မှာ တောခုတ်နေတာ လက်ရှိခုတ်နေတာလည်း အများကြီးပဲ” ဟု ကိုရှိန်းသူလွင်က ပြောသည်။

မည်သည့်အတွက် သစ်ခုတ် မီးရှို့ နေကြောင်း ရွာသားတို့ကို မေးကြည့်ရာ မည်သူမျှ ရေရေရာရာ မသိကြောင်း ၎င်းက ပြောသည်။

“ရွာသားတွေကို မေးလိုက်ချိန်မှာ တချို့ပြောတာက လမ်းမှာ တစ်ဖက် ၁၀ လံစီ လမ်းချဲ့ဖို့လို့ ပြောတယ်။ သူတို့ လည်း တိတိကျကျ မသိရဘူး။ ပြီးရင် ရွာက သူဌေးတွေက တောင်ယာလုပ်ဖို့ ခုတ်ခိုင်းထားတယ်လည်း ပြောတယ်”ဟု ကိုရှိန်းသူလွင်က ပြောသည်။

ယင်းသို့ တောခုတ် မီးရှို့နေသည့် ကိစ္စနှင့် ပတ်သက်၍ သစ်တောဌာနကို ကိုင်တွယ်သည့် သယံဇာတနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးကို မေးမြန်ရာ သတင်းတစ်စုံတစ်ရာ မရ သေးကြောင်း ဝန်ကြီးက ဖြေဆိုသည်။

“လက်ရှိတော့ မသိရသေးဘူး”ဟု ဝန်ကြီး ဦးလှထွေးက ဖေဖော်ဝါရီလ ၂၈ ရက်က ပြောသည်။

တနင်္သာရီတိုင်း၏ တောင်ပိုင်း ယင်းတောအုပ်တွင်သာ ကျက်စားသည့် မျိုးတုံးလုနီးနီး ဖြစ်နေသည့် တောင်ငုံး ရင်မဲငှက် (Gurney’s Pitta)တို့၏ အဓိကစားကျက်နေရာဖြစ်ရာ ယင်းငှက် တို့ စားကျက်အတွက် စိုးရိမ်ဖွယ် အခင်း အကျင်း ဖြစ်နေကြောင်း ထားဝယ် သုတေသနအဖွဲ့မှ ကိုရှိန်းသူလွင်က ပြောသည်။

ထိုတောအနီး ၂၇ မိုင်ရွာတွင် ငှက် ကြည့်အဖွဲ့များအတွက် တည်းခိုရန်နေရာ နှင့် လမ်းပြပေးသည့် ရွာသားအဖွဲ့ကို ဖွဲ့စည်းထားရာ ငှက်များ ပြောင်းရွှေ့သွား ပါက ရွာသားတို့လည်း ဝင်ငွေလျှော့ပါး လာနိုင်ကြောင်း ထားဝယ်သုတေသန အဖွဲ့မှ ကိုရှိန်းသူလွင်က ပြောသည်။

Dawei Watch