ပြည်ကြီးမဏ္ဍိုင်ရှိ အငြင်းပွား ယုဇနဆီအုန်းခြံ ပြန်တိုင်း

0
590

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင် မြို့အနီးရှိ ယုဇနဆီအုန်းခြံကို ပြန်လည် ကွင်းဆင်းတိုင်းတာနေကြောင်း ဘုတ်ပြင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဆွေမြင့်က ပြောသည်။

ဘုတ်ပြင်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ ၏ အဖွဲ့ဝင် လည်းဖြစ်သည့် ဦးမန်းဆွေမြင့်အပါအဝင် ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်မှ မြေစာရင်းနှင့် ဌာနဆိုင်ရာများကထို ဆီအုန်းခြံနေရာသို့ ဖေဖော်ဝါရီလ ၂၀ ရက်က ကွင်းဆင်းခဲ့ကြသည်။

ယင်းသို့ ကွင်းဆင်းတိုင်းတာကြရာ တွင် မြေပြင်အခြေအနေနှင့် ဆီအုန်းခြံ မြေပုံအညွှန်းက ကွဲလွဲနေသဖြင့် မြေစာရင်း ဌာနအား ဆီအုန်းခြံမြေပုံ အမှန်ရရန် ထပ်မံ ကွင်းဆင်းခိုင်းထားကြောင်း ဦးမန်းဆွေမြင့်က ပြောသည်။

ထိုဆီအုန်းခြံမှာ ပြည်ကြီးမဏ္ဍိုင် မြို့ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ငါးရွာသားများ ဝင်ကျူးကျော် နေထိုင် စိုက်ပျိုးထားသည်ဟု ပြောဆိုကာ တရားရင်ဆိုင်ရသည့်အထိ အမှု အခင်း ဖြစ်နေသည့်နေရာ ဖြစ်သည်။

“သူတို့ ပြန်လည်တိုင်းတာခိုင်းတာ မှန်မမှန်၊ ကျူးကျော်တယ်ဆိုတဲ့သူတွေက အမှန် ကျူးကျော်ထားတာ ဟုတ်မဟုတ်၊ မစွန့်လွှတ်သေးတဲ့နေရာမှာ ကျူးကျော်က အမှန် ဝင်/မဝင် ပြန်တိုင်းခိုင်းထားတယ်”ဟု ဦးမန်းဆွေမြင့်က ပြောသည်။

မြေပုံအမှန်ရရန် ၁၄ ရက်အတွင်း တိုင်းတာမည်ဖြစ်ပြီး ထိုသို့တိုင်းတာပြီး ပါက မနစ်နာသင့်သည့် ဒေသခံများ မနစ်နာရစေရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီ၏ သဘောထားမှတ်ချက်များ ရေးပို့သွားမည်ဟု ဦးမန်းဆွေမြင့်က ပြောသည်။

ထိုယုဇနဆီအုန်းခြံ ဧက ၄ သောင်း ၂ ထောင် စတင်တည်ထောင်စဉ်က ဒေသခံတို့၏ ဥယျာဉ်ခြံမြေများ အဝိုင်းခံ လိုက်ရခြင်း ရှိခဲ့သည်ဟု ချောင်းမွန်ငါး ရွာ စတည်သည့် ၂၀၀၁ ခုနှစ်ကတည်းက နေထိုင်လာသည့် ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ဒေသခံအချို့ကလည်း ယုဇနဆီအုန်းခြံမှ စိုက်ပျိုးထားသော ဆီးအုန်း ပင်များကို ဖြတ်စက်ဖြင့် ဝင်လှဲကာ ခြံတည်ထောင်ခြင်း၊ ထို့သို့ ခြံတည်ပြီး ပြန်ရောင်းကာ နောက်တစ်နေရာတွင် ဆီအုန်းပင် ပြန်လှဲကာ ခြံအသစ်ထပ်တည် ခြင်းတို့ လုပ်ဆောင်သူတို့လည်း ရှိ ကြောင်း ၎င်း ရပ်မိရပ်ဖက ပြောသည်။

Dawei Watch