မြိတ်မြို့ပေါ် နေရာလေးခုတွင် အများသုံးသန့်စင်ခန်း ဆောက်လုပ်မည်

0
1122

မြိတ်မြို့တွင်း အများပြည်သူ လမ်းလျှောက်သည့် လေယာဉ်ကွင်းလမ်း၊ ခရီးသည် အသွားအလာများသည့် ကမ်းနားလမ်း သင်္ဘောဆိပ်၊ ကန်တော်မင်္ဂလာ (ကန်ကြီးရေကန်ဘောင်)၊ တောလှေ ဆိပ်တံတားနေရာများတွင် အများသုံး သန့်စင်ခန်း(အိမ်သာ) လေးခန်းတွဲများ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြိတ် မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ သန့်စင်ခန်းများကို BOT (တည်ဆောက်လည်ပတ်လွှဲပြောင်း) စနစ်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

တည်ဆောက်ရန် စိတ်ပါဝင်စားသူ များအနေဖြင့် လျှောက်လွှာများကို မတ် လ ၁၇ ရက်တွင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးမိုးအောင်သူထံမှ သိရသည်။

လက်ရှိအချိန်တွင် ကြေညာထားဆဲ အခြေအနေရှိပြီး ဖေဖော်ဝါရီလ ၂၈ ရက် အထိ လာရောက်လျှောက်ထားသူ မရှိ သေးဟု ၎င်းက ဆိုသည်။

“လာလျှောက်သူထဲကမှ အကောင်းဆုံး အသင့်တော်ဆုံးသူကို ရွေးချယ်ပြီး တိုင်းအစိုးရအဖွဲ့ကို တင်ပြသွားမှာပါ”ဟု ဦးမိုးအောင်သူက ပြောသည်။

မြိတ်ခရိုင်အတွင်း ခရီးသွားလုပ်ငန်း စတင်လုပ်သည့် အချိန်ကတည်းက အများသုံး သန့်စင်ခန်းများ လိုအပ်နေကြောင်း မြိတ်သင်္ဘောဆိပ်တွင် တက္ကစီ မောင်းသည့် ဦးလှိုင်တင်က ပြောသည်။

“ဒါက လုပ်သင့်နေတာကြာပြီ။ ဆိပ်ငယ် သင်္ဘောဆိပ်မှာ နေ့စဉ် လူထောင်ချီ ခရီးသွားနေတယ်ဆိုတော့ အနည်းဆုံး ရှစ်လုံးလောက်မှ အဆင်ပြေမယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

အလားတူ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ ဆိပ်ကမ်းသာပန်းခြံတွင်လည်း ရှစ်ခန်းတွဲ အများသုံးသန့်စင်ခန်းကို အထက်ပါအတိုင်း BOT စနစ်ဖြင့် တည်ဆောက်သွားမည်ဟု သိရှိရပြီး လျှောက်လွှာများကို ဇန်နဝါရီလ ၂၈ ရက် နောက်ဆုံးထား တင်သွင်းနိုင်ကြောင်း သိရသည်။

ကိုဆန်း