မြိတ်တွင် ရေသတ္တဝါ မွေးမြူရေး သင်တန်းပေး

0
295

မြိတ်တွင် ဘာသာရပ်လေးခုပါဝင် သည့် ရေသတ္တဝါ မွေးမြူရေး သင်တန်း တစ်ခုကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် GAqP ခေါင်းစဉ်ဖြင့် ဖေဖော် ဝါရီ ၂၅ ရက်မှစတင်ပြီး သင်တန်းပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်တာ သင်တန်းပြုလုပ်ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးသံချောင်းက ပြောသည်။

တိုင်းအတွင်းရှိ ရေထွက်ပစ္စည်း မွေးမြူရေးလုပ်ငန်းများအတွက် ပြုလုပ် ပေးသည့်သင်တန်းဖြစ်ပြီး အစားအစာ ဘေးဥပါဒ်ကင်းစင် လုံခြုံရေး၊ တိရစ္ဆာန်များ ကောင်းစွာရှင်သန်ရေး၊ သဘာ၀ ပတ်ဝန်းကျင် မထိခိုက်အောင် စောင့်ရှောက်ရေး၊ လူမှုစီးပွားဘ၀ ပြည့်စုံဖူလုံရေး စသည့် ဘာသာရပ်များကို သင်ကြားပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာရေးဗဟိုဌာနမှ သင်တန်းနည်းပြ ဆရာမ ဒေါ်မော်မော်သန့်က ပြောပြသည်။

“စတင်မွေးမြူတဲ့အချိန်ကစပြီး စားပွဲပေါ်ရောက်တဲ့အထိ အဆင့်တိုင်း အဆင့်တိုင်းမှာ ဘေးဥပါဒ်ကင်းစင်စွာ ထုတ်လုပ်နိုင်ဖို့ အတွက် ဒီသင်တန်းကို လာရောက်ပြုလုပ်ရခြင်း ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

သင်တန်းသို့ တနင်္သာရီတိုင်းအတွင်း ရေထွက်ပစ္စည်း ငါးပုစွန်၊ ကဏန်း မွေးမြူ ရေးလုပ်ကိုင်ကြသည့် သင်တန်းသား ခြောက်ဆယ်ဦး တက်ရောက်ကြပြီး မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးတွင် အလားတူ သင်တန်း ၃၅ ကြိမ်ပြု လုပ်ခဲ့ကြောင်း ဒေါ်မော်မော်သန့်က ဆို သည်။

သင်တန်းတွင် သင်ကြားပို့ချသည့် နည်းစနစ်အတိုင်း ရေထွက်ပစ္စည်း မွေးမြူသည့်လုပ်ငန်းရှင် တိုင်း လိုက်နာကျင့် သုံးလျှင် ပြည်သူများအနေဖြင့် ဘေးဥပါဒ်ကင်းစင်သည့် အစားအစာ စားသုံးနိုင် မည်ဖြစ်သလို ပြည်ပသို့ တင်ပို့သည့် အခါတွင်လည်း နိုင်ငံတကာဈေးကွက် သို့ထိုးဖောက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကိုဆန်း