ဆရာမအား ကတ်ကြေးထောက် လုယက်သွားသူက ပစ္စည်းအချို့ ပြန်ပေးမည်ဟု စာပြန်ပို့

0
619

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာ အထက်တန်းကျောင်း(ခွဲ) ယာယီကျောင်း အုပ်ဆရာမအား ကတ်ကြေးဖြင့်ထောက်ကာ ပိုက်ဆံအိတ်လုယူသွားသူက ပစ္စည်းအချို့ကို ပြန်ပို့ပေးမည်ဟု ဖုန်းဖြင့် Massage(စာတို) ပေးပို့အကြောင်းကြားလာကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းက ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက် ညနေ သုံးနာရီခွဲခန့်တွင် ကျောင်းဆင်းပြီး အိမ်ပြန်သည့် ယာယီကျောင်းအုပ်ဆရာမကို ခန့်မှန်း အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက နောက်မှ ဆိုင်ကယ် ဖြင့်လိုက်လာပြီး ဝေဒီ – ကုန်းဇရပ် ကျေးရွာချင်းဆက်လမ်းပေါ် အရောက် တွင် အသင့်ပါလာသည့် ကတ်ကြေးဖြင့် ထောက်ကာ ပိုက်ဆံအိတ်ကို လုယူခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့လုယူသွားခြင်းကြောင့် ဖုန်းနှစ်လုံး၊ ငွေကျပ်တစ်သိန်း၊ မှတ်ပုံ တင်နှင့် ရုံးသုံးတံဆိပ်တုံး အပါအဝင် အခြားပစ္စည်းများ ပါသွားကြောင်း ၎င်းက ပြောသည်။

လုယူသွားသည့်ဖုန်းအား အခြား ဆရာမတစ်ဦး၏ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခဲ့ကြောင်း ၎င်းက ပြောသည်။

“အခုပြောနေတာ ဘယ်သူလဲလို့ မေးတာကို သိရဲ့သားနဲ့ ဘာလို့မေးနေ သေးတာလဲလို့ ပြောပြီး ဖုန်းချသွားတယ်။ မလုခင်တုန်းကလဲ ကျွန်တော့်မှာ လူမှုရေး ကိစ္စ အခက်အခဲရှိနေလို့ တောင်းပန်ပါ တယ်လို့ပြောပြီးမှ လုတယ်လို့ (အလုခံရ တဲ့ ဆရာမက) ပြောပြတယ်”ဟု ၎င်းက ဆိုသည်။

ယင်းနောက် လုယူသွားသူက ဖုန်းနှစ်လုံးနှင့် ငွေတစ်သိန်းကို အသုံးပြုမည် ဖြစ်ပြီး မှတ်ပုံတင်နှင့် ရုံးသုံးပစ္စည်းများ ကိုမူ ပြန်ပို့ပေးမည်ဖြစ်ကြောင်း ဖုန်းဆက်မေးသည့် ဆရာမဖုန်းနံပါတ်ထံသို့ Massage (စာတို) ပေးပို့လာကြောင်း စာတိုပေးပို့လာသည့် ဖုန်းနံပါတ်ပိုင်ရှင် ဆရာမက ပြောပြသည်။

ဖေဖော်ဝါရီလ ၁၃ ရက် ညနေပိုင်း အထိမှု ယင်းပစ္စည်းများ ပြန်မရသေးပေ။

ယင်းလုယက်မူ ဖြစ်ပွားပြီးနောက် လောင်းလုံးမြို့မရဲစခန်းနှင့် အနီးအနားရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ အကြောင်း ကြားခဲ့ကြောင်း ဝေဒီကျေးရွာအုပ်ချုပ်ရေး မှူး ဦးစိန်ဝင်းက ပြောသည်။

ယင်းအမှုအား အလုခံရသူဘက်မှ အမှုဖွင့်လှစ်ထားခြင်း မရှိသော်လည်း တရာခံဖမ်းမိရေး စုံစမ်းနေကြောင်း လောင်းလုံးမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းလွင်က ပြောသည်။

ကျော်သူစိုး