ကျောင်းပြီး၍ စာတတ်ကြရလေအောင်

0
387
editorial

အချို့သော နိုင်ငံများတွင် ကျောင်းပြီးသော်လည်း စာမတတ်သော လူငယ်များ ကိစ္စကို အလေးပေး ထောက်ပြလာကြပြီဖြစ်သည်။

ဤနေရာတွင် စာမတတ်ခြင်းဆိုသည်မှာ စာရေး၊ ဖတ်တတ်ခြင်းကို ဆိုလိုရင်းမဟုတ်ပါ။

အဓိကအားဖြင့် စာဖတ်တတ်သော်လည်း စာ၏ အကြောင်း အရာကို နားလည်သဘောမပေါက်ခြင်း၊ အနှစ်သာရကို သိရှိနားလည်ခြင်း မရှိခြင်း၊ စာဖတ်ပြီး စိတ်ခွန်အား၊ ဘာသာရပ်ဆိုင်ရာများကို သဘောပေါက် နားလည်ခြင်း မရှိခြင်း၊ မိမိ၏ နိုင်ငံရေး၊ လူမှုစီးပွားဘ၀အတွက် ဆုံးဖြတ်ချက် ချမှတ်ရာတွင် အသုံးချနိုင်မှု မရှိခြင်းတို့ကို ညွှန်းလိုရင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျောင်းပြီးသူ ထက်ဝက်ကျော်မှာ အထက်ပါ ညွှန်းဆို သည့် အတိုင်း စာမတတ်ဟုဆိုသည်။ ကျောင်းပြင်ပ စာအုပ်စာပေနှင့် လက်လှမ်းမီမှု နည်းပါးခြင်း၊ စာဖတ်ခြင်း အလေ့အထကို အားပေးမြှင့်တင်မှု နည်းပါးခြင်း တို့က ထိုသို့ဖြစ်ပွားလာခြင်း အကြောင်းရင်း ဖြစ်သည်။

ယင်းမှာ နိုင်ငံ၏ အနာဂတ်အတွက် ကြီးမားသော ပြဿနာဟု အင်ဒိုနီးရှား ပညာရှင်တစ်ဦးက ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင်လည်း ထိုပြဿနာ မသေးလှပါ။ မူလကပင် မျက်မှောက် ပြဿနာများကို လေ့လာမှု အားနည်းသော လူငယ်ထု၊ လူကြီးထု မနည်းမနော ရှိရာ နိုင်ငံ၏ အရေးကြီးသော ကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်ခြင်း၊ ပါဝင် ဆုံးဖြတ်ခြင်းတို့တွင် များစွာအားနည်းမှု ရှိသည်။

“သူများ စကားတွင် လမ်းဆုံးနေသည်”ဆိုသည့် ရပ်ရွာအတွင်း ပြောလေ့ ရှိသော စကားမှာ ကိုယ်တိုင်လေ့လာသုံးသပ်မှု လိုအပ်ချက်ရှိနေကြောင်း ထင်ရှားစွာ ပြဆိုနေသည်။

အထူးသဖြင့် ရှုပ်ထွေးလှသော မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်း တွင် နိုင်ငံကို ဦးဆောင်နိုင်သော ပုဂ္ဂိုလ်များ ပေါ်ထွန်းလာရေးမှာ “စာဖတ်တတ်သော”၊ “စဉ်ဆက်မပြတ် လေ့လာသင်ယူ ဝေဖန်သုံးသပ်နိုင်စွမ်းသော” လူငယ်၊ လူလတ်များ ထုထည်ဖြင့် ရှိလာရေး အရေးကြီးလှပါသည်။

အယ်ဒီတာ (ဖေဖော်ဝါရီ ၈၊ ၂၀၂၀)