ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်ကြမည်ဆိုလျှင်

0
584

ဆန္ဒပြပွဲများတွင် မပါမဖြစ်သည်က ဆိုင်းဘုတ်များနှင့် ပိုစတာများ ဖြစ်သည်။

မိမိတို့ ဆန္ဒထုတ်ဖော်ရသည့် ရည်ရွယ်ချက်နှင့် အကြောင်းအရင်းကို ကွက်ကွက် ကွင်းကွင်းမြင်ရ၊ သိရဖို့အတွက် ဆိုင်းဘုတ် များ၊ ပိုစတာများကို အသုံးပြုကြရသည်။ တချို့က ဆိုင်းဘုတ်များအတွက် ဗီနိုင်း များကို အသုံးပြုကြသည်။ တချို့က ကတ္ထူစက္ကူပြားပေါ်တွင် မာကာပင်များကို အသုံးပြုပြီး လက်ဖြင့်ရေးကြရသည်။ ထို ဆိုင်းဘုတ်များ၊ ပိုစတာများက အရောင် အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး၊ စာသားအမျိုးမျိုးဖြင့် ဆွဲဆောင်မှုရှိနေမည် ဖြစ်သည်။

ထို့သို့ ဆိုင်းဘုတ်စာသားများ ရေးသား ရာတွင် တစ်ခါတစ်ရံ မမျှော်လင့်ဘဲ အမှား အယွင်း တစ်စုံတစ်ရာ ပါသွားသည်မျိုးလည်း ရှိသည်။

ထိုသို့ မှားယွင်းသည့်အခါတွင်လည်း ဆန္ဒပြသူများက မည်သူဖြစ်သည်ဟူသည့် အပေါ်မူတည်ပြီး တုံ့ပြန်မှု အမျိုးမျိုး ရှိကြသည်။ တချို့ဆန္ဒပြပွဲများတွင် ဆိုင်း ဘုတ်စာသားအမှားကြောင့် အကြီးအကျယ် ဝေဖန်ခံရပြီး တချို့ဆန္ဒပြပွဲများတွင်မူ မှားတတ်သည်ဟု သဘောထားပေးကြ သည်မျိုးလည်း ရှိသည်။

အခြေခံပညာအတန်းအချို့ စာမေးပွဲ ကာလ နောက်ဆုတ်ခဲ့ခြင်းအပေါ် ထားဝယ် ပညာရေးကောလိပ်မှ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ခန့်က ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်နေ့က ထားဝယ်မြို့ တွင်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ နေပြည်တော်တွင် ကျင်းပပြုလုပ် သည့် ပညာရေးနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာစကား ပြောကြားနေစဉ် အတွင်း ကျောင်းသားများက ဆိုင်းဘုတ် ထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရက်ပိုင်း အကြာတွင် ဖြစ်သည်။ ထိုအကြောင်းအရာ က ပြည်သူများအကြား သဘောထား အမျိုးမျိုးဖြင့် ငြင်းခုန်စရာ၊ ဆွေးနွေးစရာ ကိစ္စတစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် ပညာရေး ကောလိပ်ကျောင်းသား၊ ကျောင်းသူများ ၏ ဆန္ဒထုတ်ဖော်ပွဲသည် ဒေသခံပြည်သူများ အကြား စိတ်ဝင်တစားစောင့်ကြည့်ခြင်း ခံခဲ့ရသည်။

သို့သော် ဦးဆောင်သူ ကျောင်းသား၊ ကျောင်းသူလေးများ၏ ပေါ့လျော့မှုတစ်ခု က လှုပ်ရှားမှု၏ လေးနက်မှုကို ပေါ့သွား စေသလို ဖြစ်ခဲ့သည်။ အခြားကြောင့် မဟုတ် ဆိုင်းဘုတ်လေးတစ်ခုမှ စာလုံးပေါင်းသတ်ပုံအမှားလေးတစ်ခုကြောင့် ဖြစ်သည်။

“သုသေသနကို အခြေမခံသော ပညာရေးစနစ် အလိုမရှိ”ဟူသော ဆိုင်းဘုတ်တွင် “သုတေသန”နှင့် “သုသေသန” မှားရေးမိခြင်း ဖြစ်သည်။ ကျောင်းသား လေးများအတွက် လူကဲ့ရဲ့စရာ ဖြစ်ခဲ့သည်။

မြန်မာ့ပညာရေးကို ဦးဆောင်မည့်သူများက စာလုံးပေါင်း သတ်ပုံကိုတောင် မှန်အောင်မရေးနိုင်ဘူးလား အစချီကာ ဝေဖန်ချက်အမျိုးမျိုးဖြင့် ထောပနာပြုခဲ့ကြ သည့်အတွက် စိတ်မကောင်း ဖြစ်ရသည်။

ဆန္ဒပြကြမည့်သူများအတွက် သင်ခန်း စာကောင်းကောင်းရခဲ့မည် ထင်ပါသည်။

ဤဖြစ်ရပ်ကို အရိုးခံစိတ်ဖြင့်ကြည့် လျှင် မြန်မာစာသင်ကြားနေသည့် ဆရာ၊ ဆရာမများအတွက်ကတော့ ရိုးအီနေသော ကိစ္စတစ်ခုအဖြစ်သာ ရှိနေပေမည်။ ကျောင်း သား၊ ကျောင်းသူများအနေဖြင့် စာလုံးပေါင်း သတ်ပုံ အကျအပေါက် များလာကြသည် မှာ ဆယ်စုနှစ် တစ်ခုမက တော့ပေ။

“တသတ်”နှင့် “ကသတ်”မှားကြသည်။ ဥပမာ “ဖြစ်တတ်သည်”ဆိုလျှင်”ဖြစ်တက်သည်”ဟု မှားရေးကြသည်။

ထိုကဲ့သို့သော အမှားပေါင်းများစွာ ကို ကျောင်းသား၊ ကျောင်းသူများ လုပ်တတ်ကြသည်။ ပုဒ်အထားအသို မှားရေးကြသည်။ ဝေါဟာရအဓိပ္ပာယ် လွဲမှားရေးကြသည်။ ဤသည်ကပင်လျှင် ကျောင်းသား၊ ကျောင်းသူလေးများကို မြန်မာစာဂုဏ်ထူးနှင့် အလှမ်းကွာသွားစေ သည့် အကြောင်းအရင်းများထဲက တစ်ခု ဖြစ်နေပေမည်။

သတင်းမီဒီယာများတွင်လည်း စာလုံး ပေါင်းအကျအပေါက် များလာသည်။

နောက်တစ်ခုက ဖေ့စ်ဘွတ်ခ်ဖြစ်သည်။ ဖေ့စ်ဘွတ်ခ်ပေါ်က “ခေး၊ ကွီး၊ စမီး၊ ဟုဟု၊ ခ်ခ်၊ သယ်ရင်း”စသည်ကဲ့သို့ သော အသုံးအနှုန်းများက ကျောင်းသား လူငယ်လေးများအပေါ်တွင် များစွာ သက်ရောက်မှု ရှိခဲ့ပေမည်။ ထိုကဲ့သို့သော အသုံးအနှုန်းများကို သုံးစွဲဖန်များလာ သောအခါ အကျင့်ပါသွားပြီး အမှားကို အမှားမှန်းမသိတော့ဘဲ အမှတ်မထင် သုံးစွဲမိကြတော့သည်။

မြန်မာစာချစ်မြတ် နိုးသည့် ဆရာကြီး၊ ဆရာမကြီးများ အတွက် များစွာစိုးရိမ်ကြောင့်ကြ ဖြစ်ကြ ရသည့် အကြောင်းရင်း တစ်ရပ်ပေတည်း။

အခြားသော စိတ်ပူစရာ နယ်ပယ် တွေလည်း အများကြီးရှိသေးသည်။ သို့သော်လည်း အများသိပြီးသားကိစ္စများ ဖြစ်နေနိုင်သဖြင့် ကျွန်တော် မဖော်ပြတော့ပါ။

ကျွန်တော်အနေဖြင့်မူ ဆိုင်းဘုတ် ထောင်ပြီး လမ်းလျှောက်ခဲ့ကြကာ အမှား တစ်ခုဖြင့် ပြည်သူများကို အလင်းပြခဲ့ ကြသည့် ကျောင်းသားလေးများကို ကျေးဇူး တင်နေမိသည်။

ပြုပြင်ပြောင်းလဲဖို့လိုနေ သည့် မြန်မာ့ပညာရေးအခြေအနေကို ပြည်သူများအနေဖြင့် မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရသွားကြပေပြီ။ ကျွန်တော်တို့ တစ်တွေ ဝေဖန်အပြစ်တင်နေကာမျှဖြင့် မြန်မာ့ပညာရေးစနစ်ပြောင်းလဲရာတွင် အကူအညီမရနိုင်။ အားလုံး ထဲထဲဝင်ဝင် ပါဝင်မှ ရပေတော့မည်။

နောက်နောင် ဆိုင်းဘုတ်ထောင်ပြီး လမ်းလျှောက်ကြမည့်၊ တစ်နည်းအားဖြင့် ဆန္ဒထုတ်ဖော်ကြမည့် သူများအနေဖြင့် စာလုံးပေါင်း သတ်ပုံလေးကိုတော့ သတိထားပေးကြဖို့ တိုက်တွန်းချင်သည်။ အိုင်တီခေတ်ကြီးထဲတွင် မိမိ၏အမှားလေး တစ်ခုက စက္ကန့်ပိုင်းလေးအတွင်း ကမ္ဘာပတ် သွားနိုင်သည်ကို ကျွန်တော်တို့ သတိပြု ကြရပေမည်။ အားလုံးအမှားကင်းနိုင် သမျှကင်းအောင် အားထုတ်နိုင်ကြပါစေ။

သန်းဇော်ဦး(ရလိုင်)