အီတာလျံထိုင်းကုမ္ပဏီက ဒေါ်လာကိုးသန်း အကြွေးမပေးသေး

0
657

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းကို အကောင်အထည် ဖော်မည့် အီတာလျံ-ထိုင်းကုမ္ပဏီက အမေရိကန် ဒေါ်လာကိုးသန်း အကြွေးမပေးသွင်း သေးကြောင်း ထားဝယ်အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။

လက်ရှိတွင် ကနဦးစီမံကိန်းအဖြစ် လုပ်ငန်း ၉ ခုလုပ်ဆောင်နေပြီး ယင်း အတွက် လုပ်ဆောင်ခွင့်အတွက် ပေးသွင်းရမည့် Concession Fee အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သုံးသန်းကို ကော်မတီထံပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် အီတာလျံ-ထိုင်းကုမ္ပဏီက ပထမတစ်နှစ်အတွက်သာ ပေးသွင်း ပြီး ကျန်သုံးနှစ်အတွက် ဒေါ်လာကိုးသန်း မပေးသွင်းသေးကြောင်း ဒေါက်တာ မြင့်ဆန်းက ပြောသည်။

“လုပ်ငန်းဆောင်ရွက်တယ်ဆိုရင် ဆောင်ရွက်သူက အစိုးရကို ပိုက်ဆံသွင်း ဖို့လိုတယ်။ အဲဒီအတွက်ကြောင့် နို့တစ် (သတိပေးစာ) ပေးတာ ဆယ်ကြိမ်ကျော် သွားပြီ။ အဲဒါတွေက သူ့ရဲ့ပျက်ကွက်မှု ပေါ့”ဟု ဒေါက်တာမြင့်ဆန်းက ဆို သည်။

လက်ရှိတွင် ကုမ္ပဏီထံ မြေငှား စာချုပ်ပေးလိုက်သည့်အတွက် ဒေါ်လာ သုံးသန်းပေးသွင်းလာ ကြောင်း ၎င်းက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီက အစိုးရဘတ်ဂျက်ကို သုံးစွဲခြင်းမရှိဘဲ အထက်ပါငွေကြေးဖြင့် ရှေ့နေငှားခြင်း၊ အကြံပေးငှားခြင်း အစ ရှိသည့် ကိစ္စရပ်များတွင် အစိုးရခွင့်ပြု ချက်ဖြင့် ပြန်လည်သုံးစွဲကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။

ငွေသွင်းမှု ပျက်ကွက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီအပေါ် မည်ကဲ့သို့ လုပ်ဆောင်မည်ကိုမူ အစိုးရ၏ ပေါ်လစီအတိုင်း ဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူ့ကိုရပ်တော့မလား ဒီအတိုင်း ပဲဆက်ထားမလားဆိုတာ ဒါက အစိုးရ က ပေါ်လစီဖြတ်ရမှာပေါ့”ဟု ဒေါက်တာ မြင့်ဆန်းက ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် အီတာလျံ-ထိုင်းကုမ္ပဏီက ကနဦးစီမံ ကိန်းအဖြစ် ထီးခီးနှစ်လမ်းသွားကား လမ်း၊ ဆိပ်ကမ်းငယ်၊ လျှပ်စစ် အစရှိသည့် လုပ်ငန်း ၉ ခုကို လုပ်ကိုင်ရန် ကြိုးပမ်းနေသည်။

Dawei Watch