ကန်ဖျားကုန်စိမ်းဈေးဟောင်း မြေနေရာကျောင်းပိုင်မြေအဖြစ် လွှဲပြောင်းပေးရေး လွှတ်တော်တွင် မေး

0
336

မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာအလယ်တန်း ကျောင်း၏ အနောက်ဘက် နှင့်တဆက် တည်းရှိ ကန်ဖျားကုန်စိမ်းဈေးဟောင်း မြေနေရာအား ကျောင်းပိုင်မြေအဖြစ် လွှဲပြောင်းပေးရန် အစီအစဉ်ရှိ မရှိကို မြိတ်မြို့နယ်မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက လွှတ်တော်တွင် မေးမြန်းခဲ့သည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ် သည့် ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အမှတ် ၅ အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းသား/သူ ၁၄၀၀ ဦးကျော်အား စာသင်ဆောင် ၅ ဆောင်၊ စာသင်ခန်း ၂၈ ခန်းဖြင့်သာ ပညာသင် ကြားနေရသဖြင့် စာသင်ခန်းအချိုး မျှတ မှုမရှိသည့်အတွက် တစ်နေ့လျှင် စာသင်ချိန် သုံးချိန်ခွဲပြီး သင်ကြားနေရကြောင်း အထက်ပါ ကိုယ်စားလှယ်က ပြောသည်။

ကုန်စိမ်းဈေးဟောင်းမြေအား ကျောင်းပိုင်မြေအဖြစ်လွှဲပြောင်းပေးမည် ဆိုပါက ကျောင်းဆောင်သစ်များဆောက် လုပ်ရန် မြေနေရာ ရရှိလာပြီး စာသင် ချိန်သုံးချိန်ခွဲပြီး သင်ကြားရန်လိုအပ်မှု မရှိခြင်း၊ အားကစားကွင်းများ ဖော်ဆောင်ခြင်း၊ ကျောင်းဆင်းချိန် ရှေ့နောက် ထွက်ပေါက်နှစ်ခု ရှိလာမည်ဖြစ်သည့် အတွက် ယာဉ်ကြောပိတ်ဆို့မှုလျော့နည်း လာကာ ယာဉ်မတော်တဆမှုများ လျော့နည်းလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဦးဖြိုးဝင်းထွန်းက လွှတ်တော်တွင် ပြောသည်။

မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကုန်စိမ်းဈေးဟောင်းမြေ ဧက ဝက်ကျော် (၀.၅၆၈ ဧက) အနက် အဖွဲ့ရုံး ဝန်ထမ်း အိမ်ရာနှင့် မီးစက်ရုံ ဆောက်လုပ်ထားရှိပြီးဖြစ်ခြင်း၊ မြို့ရေပေးဝေရေး အတွက် ရေသိုလှောင်ကန်တည်ဆောက် ရန် လျာထားခဲ့ပြီး စည်ပင်သာယာရေး အဖွဲ့မှ အသုံးပြုရန်လျာထားခြင်း မရှိသည့် ၀.၂၇၆ ဧကအား လွှဲပြောင်းပေးခြင်း ရှိမရှိကို တိုင်းအစည်းဝေးသို့ တင်ပြပေး သွားမည်ဖြစ်ကြောင်း လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်က ဖြေကြားသည်။

Dawei Watch