တပ်မတော်က တရားစွဲထားမှု ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာ စောဝေတို့ ကော့သောင်းတွင် အမှုရင်ဆိုင်မည်

0
406

တပ်မတော်ကတရားစွဲထားသည့်ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အမှုတွဲတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်နှင့်ကဗျာဆရာစောဝေတို့က ကော့သောင်းတရားရုံးတွင် အမှုရင်ဆိုင်သွားမည်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။

ကော့သောင်းမြို့တွင် ၂၀၁၉ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သည့်”၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီထောက်ခံပွဲ”တွင် ဟောပြောချက်များက နိုင်ငံတော်ကိုအကြည်ညိုပျက်စေသည် ဟုဆိုကာ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ၅၀၅ (က) ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

အမှုတွဲပါ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဇန်နဝါရီလ၂၀ရက်က ကော့သောင်းတရားရုံးသို့ ရုံးထုတ်ခဲ့သည်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ တိုက် ကြီး၊ ဝါးခယ်မ၊ ခင်ဦးမြို့နယ်တို့တွင် ဟောပြောမှုများက နိုင်ငံတော်အကြည် ညိုပျက်စေသည်ဟုဆိုကာ မြို့နယ်တရားရုံး အသီးသီးက စုစုပေါင်း ထောင်၄ နှစ် ချမှတ်ထားပြီး အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသည်။

ယခု ကော့သောင်းတွင် အမှုရင်ဆိုင်ရန် အင်းစိန်အကျဉ်းထောင်မှကော့ သောင်းအကျဉ်းထောင်သို့ လွှဲပြောင်းရောက်ရှိလာပြီး ဇန်နဝါရီ ၂၀ရက်တွင် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့တွင် ဦးကြီးမြင့်နှင့်ကဗျာ ဆရာစောဝေတို့ ၂ ဦးမှာ တရားရုံးသို့ မလာရောက်ခဲ့ပေ။

ယင်းသို့တရားရုံးသို့မသွားရောက် ခြင်းမှာရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၀၂ ဖြင့်ရဲတပ်ဖွဲ့မှ ပဏာမစစ်ဆေးရန် တရားရုံးမှ အမိန့်ချထားသည်ကိုရဲတပ်ဖွဲ့က ၎င်းတို့အား မစစ်ဆေးဘဲတရားရုံးသို့ ပြန်အစီရင်ခံထားသဖြင့် ရုံးချိန်းကိုဆိုင်း ငံ့ထားပေးပါရန် တရားရုံးသို့ စာတင်ထား ပြီးဖြစ်သောကြောင့်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။

“ကျွန်တော်တို့ကို စစ်ပြီးမှ လာပါရစေလို့ ကျွန်တော်တို့ကတရားရုံးကို အဲလို စာတင်ထားလို့မသွားဘဲနေတာပါခင်ဗျာ”ဟု ဦးကြီးမြင့်က ပြောသည်။

ကော့သောင်းတရားရုံးကမူ ချိန်းဆိုသည့်ရက်တွင် ရောက်မလာခဲ့ခြင်းကြောင့် ၎င်းတို့ ၂ ဦးကို ဇန်နဝါရီလ၂၁ ရက်တွင် ဖမ်း၀ရမ်းထုတ်ခဲ့ပြီးနောက်ရုံးချိန်းကို ဖေဖော်ဝါရီလ၃ရက်သို့ ချိန်းဆိုခဲ့သည်။

ရဲတပ်ဖွဲ့က စစ်ဆေးမှုမရှိသေးသော်လည်း တရားရုံးကလာရောက်စေလိုသည့်သဘောဖြင့် ၀ရမ်းထုတ်ခဲ့သဖြင့်ယင်းရုံးချိန်းသို့ ၎င်းတို့ ၂ ဦး သွားရောက် အမှုရင်ဆိုင်သွားမည်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။

“၃ ရက်နေ့ရုံးချိန်းမှာ ရုံးတက်ပြီး အမှုရင်ဆိုင်မှာပါ။ ကျွန်တော်တို့က လည်းတရားရုံးကို မလိုအပ်သေးလို့ မလာပါရစေနဲ့လို့ စာတရားဝင်တင်ထားလို့ မသွားတာပါ။ မသွားတာကိုတရားရုံးက မလာလို့ဆိုပြီး ကျွန်တော်တို့တင်ထားတဲ့ စာကိုလက်မခံဘဲနဲ့ ရုံးကိုလာဖို့ (ဖမ်း၀ရမ်း) ထုတ်တော့ ကျွန်တော်တို့ကသွား လိုက်ရင်တော့ပြီးသွားပါပြီ။ ဟိုရောက်တော့ ရင်ဆိုင်လိုက်ရုံပါပဲခင်ဗျ”ဟု ဦးကြီးမြင့်က ပြောသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကိုမူ လက်ရှိတွင်ကော့သောင်းအကျဉ်းထောင်တွင်ပင် ထိန်းသိမ်းထားပြီး ကော့သောင်းမြို့အရပ်ဘက်အဖွဲ့အစည်းများက ထောင်ဝင်စာပို့ပေးနေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

၎င်းတို့သုံးဦး၏ ဟောပြောချက်များမှာ နိုင်ငံတော်ကိုအကြည်ညိုပျက်စေသည်ဟု မယူဆကြောင်း ဟောပြောပွဲသို့တက်ရောက်နားထောင်ခဲ့သည့် အထက်ပါမြို့ခံက ပြောသည်။

“ဟောသင့်ဟောထိုက်တာ၊ ပြောသင့် ပြောထိုက်တာ ဟောပြောသွားတယ် လို့ပြောရမှာပဲ။ တပ်မတော်ကို စော်ကား မော်ကားပြောသွားတာ မဟုတ်ဘူးပေါ့နော်။ တပ်မတော်ကို ကောင်းစေချင်လို့ ပြောသွားတာပဲ ရှိတယ်ပေါ့နော်။ ဒီမိုကရေစီပန်းတိုင်ကိုချီတက်နေတဲ့အချိန် မှာတပ်မတော်က ဒီလိုမျိုး(တရားစွဲတဲ့)လုပ်ရပ်တွေကို မလုပ်စေချင်ဘူးပေါ့”ဟု ၎င်းက ပြောသည်။

အမှုရင်ဆိုင်သွားမည့်တရားလွှတ် တော်ရှေ့နေဦးကြီးမြင့်ကလည်း တပ်မတော်က ၎င်းတို့အား တရားစွဲသည့်အပေါ် အောက်ပါအတိုင်း မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ကဗျာ တပ်မတော်ကို ထိခိုက်အောင်ဘာမှမပြောပါဘူး။ သူက အာဏာရှိတယ်။ လက်နက်ရှိတယ် ဆိုတဲ့အခါကျတော့စိတ်ကြိုက်လုပ်နိုင် တာပေါ့ဗျာ။ သူတို့လက်ထဲ၂၀၀၈အခြေခံ ဥပဒေအရအာဏာရှိနေတာကိုးဗျ။ ကျွန်တော်တို့ကိုအပြစ်ရှာပြီးတော့စွဲတယ်လို့ ကျွန်တော်က မှတ်ချက်ချပါတယ်။”

Dawei Watch