ပါချန်လင်းပိုင် ထိန်းပေးကြပါ

0
381

ကော့သောင်းမြို့နယ်ထိုင်း-မြန်မာ နယ်ခြား ပါချန်မြစ်ရိုးတစ်လျှောက် နေထိုင်ကျက်စားနေသည့် လင်းပိုင်တို့ကို ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ပါချန်မြစ် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏အတွင်းရေးမှူး ဦးမျိုးဇော်ဦးက ပြောသည်။

ဒေသခံများနှင့် မြစ်အတွင်းသားငါး ရှာဖွေသူများက လင်းပိုင်ကို တမင်တကာ ဖမ်းဆီးသတ်ဖြတ်ခြင်း မရှိသော်လည်း ၎င်းလင်းပိုင်တို့က ငါးဖမ်းပိုက်များတွင် တိုးဝင်သေဆုံးခြင်း၊ ပိုက်တွင်မိလာသည့် လင်းပိုင်များကို ပြန်မလွှတ်ခြင်းတို့ ပြု လုပ်မည်ကို စိုးရိမ်ရကြောင်း ဦးမျိုးဇော်ဦးက ပြောသည်။

သို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိသူများက ပါချန် လင်းပိုင်ကို ထိန်းသိမ်းခြင်း၊ ထိန်းသိမ်းရန် ဒေသခံများကို အသိပညာပေးခြင်းတို့ လုပ်ဆောင်စေလိုကြောင်း ၎င်းက ပြောသည်။

“သူတို့(လင်းပိုင်းတွေ)ကို ဘယ်သူမှ အန္တရာယ်မပြုပါဘူး။ ဒါပေမယ့် မြစ်ထဲချထားတဲ့ ပိုက်တန်းတွေမှာမိပြီးသေဆုံးတာတွေ ရှိရင်ရှိမှာပေါ့။ ဒေသခံတွေကို အသိပညာပေး လိုက်လုပ်ရင်တော့ ပိုကောင်းတာပေါ့”ဟု ဦးမျိုးဇော်ဦးက ပြောသည်။

ပါချန်လင်းပိုင်အဖြူနှင့်အမည်း နှစ်မျိုးကို ပါချန်မြစ်၏ငါးအိမ်စုဒီရေတောအနီး၊ ဝဲကြီးဝဲငယ်၊ လူသတ်ကျွန်း၊ မလိဝမ်း ချောင်း၀၊ ရေတွင်းတောင်တို့တွင် တွေ့ရလေ့ရှိသည်။ ဒီရေသေရက်များ ရေပေါ် ပေါ်လာတတ်ရာ ခရီးသွားရင်းတွေ့ရ လေ့ရှိသည်။

Dawei Watch