ကော့သောင်းနာရီစင်ဒီဇိုင်းသစ်ဖြင့် ပြန်ဆောက်မည်

0
622
ဓာတ်ပုံ - ရွှေဖန်

ကော့သောင်းမြို့၏လက်ရှိနာရီစင်ကိုဖြိုချကာဒီဇိုင်းသစ်ဖြင့်ပြန်ဆောက်မည်ဟု ကော့သောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

နှစ်သုံးဆယ်ခန့် သက်တမ်းရှိသော လက်ရှိနာရီစင်မှာ ဆောက်လုပ်စဉ်ကရေငန်သဲများသုံးစွဲခဲ့သဖြင့်အင်္ဂတေအတွင်းရှိသံချောင်းများပါ ဆွေးမြည့်နေပြီး အန္တရာယ်ရှိအဆောက်အအုံဖြစ်နေပြီဟု ဦးတင်မြင့်က ပြောသည်။

နာရီစင်အသစ်ဆောက်ရန်ဘတ် ဂျက်ကျပြီဖြစ်ပြီးဒီဇိုင်းအသစ်ကို ဆွေးနွေးနေဆဲ ဖြစ်သည်။

ကနဦးတွင်၎င်းနာရီစင်ကိုဖြိုချကာ မူလပုံစံအတိုင်း ပြန်ဆောက်ရန်လျာထားခဲ့သော်လည်း ကော်မတီအဖွဲ့အတွင်း ဝိုင်းဝန်းဆွေးနွေးပြီးနောက်ပုံစံသစ်ဖြင့် ပြန်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြောင်း ဦးတင်မြင့်က ပြောသည်။

“ပုံစံ(အသစ်)ပြန်ဆွဲကြည့်ပေါ့။သုံး၊ လေးမျိုးလောက်ဆွဲလိုက်၊ ပြီးရင် ကော်မတီမှာ ဆွေးနွေးမယ်။ ဆွေးနွေးပြီးတော့ ကော်မတီကအတည်ပြုပေးပြီး တိုင်းအစိုးရကိုထပ်တင်ရမယ်ပေါ့”ဟု ဦးတင်မြင့်က ပြောသည်။

တိုင်းအစိုးရက ခွင့်ပြုပါက စဆောက်မည်ဟု ဦးတင်မြင့်က ပြောသည်။

ကော့သောင်းမြို့ခံတို့အကြားတွင် လည်းနာရီစင်ဒီဇိုင်းနှင့်ပတ်သက်ပြီး ဆွေးနွေးငြင်းခုံကြဆဲ ဖြစ်သည်။

အချို့က လက်ရှိပုံကို ပြန်လိုချင်ကြသည်။ အချို့ကလက်ရှိပုံစံကိုအခြေခံကာ ခေတ်မီပုံစံဖြင့် ပြန်ဆောက်သည်ကို မြင်လိုကြသည်။ အချို့က လက်ရှိပုံကို မလိုချင်ဘဲ ဒီဇိုင်းသစ်ဖြင့် မြင်လိုကြောင်း ပြောကြသည်။

“အခုလက်ရှိအဆောက်အအုံကတော့ မြန်မာမှုတော့ ဆန်တယ်။ ဒါပေမယ့် ဒိတ်အောက် (ပုံတုံးကြီးဖြစ်) နေပြီပေါ့။တိုးတက်လာတဲ့ ခေတ်အနေအထားနဲ့ ဒီနာရီစင်နဲ့လိုက်ဖက်မှုရှိမရှိပေါ့။ ရေရှည် အတွက်လည်း ကြည့်ရမယ်ပေါ့။ ခေတ်မီဒီဇိုင်း ဖြစ်သင့်တယ်ပေါ့လေ”ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

Dawei Watch