တပ်မတော်က တရားစွဲထားသည့်အမှု စာရေးဆရာ မာန်(တောင်လုံးပြန်) အပြစ်ရှိဟု အမိန့်ချ

0
310

တပ်မတော်က တရားစွဲဆိုထားသည့် အမှုတွင် စာရေးဆရာမာန် (တောင်လုံးပြန်)ကို ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင်ရန် ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းတွင် အမိန့်ချလိုက်ကြောင်း မြိတ်မြို့နယ်တရားရုံးနှင့် ကာယကံရှင်ထံမှ သိရသည်။

ဆရာမာန်(တောင်လုံးပြန်)သည် ၂၀၁၉ မေလ ၉ ရက်က မြိတ်မြို့၊ ကမ်းနားလမ်းတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲတွင် တပ်မတော်အား အကြည် ညိုပျက်အောင် ဟောပြောသည်ဟုဆိုကာ တနင်္သာရီတိုင်း ကမ်းရိုးတန်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်မင်းဦးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းကမ်းရိုးတန်းစစ် ဌာနချုပ်က ဇွန်လ ၄ ရက်တွင် မြိတ်မြို့ နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကာ စက်တင်ဘာလ ၂၄ ရက်ကစပြီး အမှုစတင်ရင်ဆိုင်ရကြောင်း ဆရာမာန် (တောင်လုံးပြန်)က ပြောပြသည်။

“သုံးသောင်းမဆောင်ရင် ထောင်ဒဏ်သုံးလဆိုတော့ ဒဏ်ငွေပဲ ဆောင်လိုက်တယ်”ဟု ၎င်းက ပြောသည်။

စာရေးဆရာမာန်(တောင်လုံးပြန်) ခေါ် ဦးမိုးကျော်သူအား တရားစွဲခံရပြီး နောက်ရုံးချိန်း ၁၉ ကြိမ်ခေါ်ခဲ့ကာ ၎င်းလာရောက်သည့် ရုံးချိန်း ၁၀ ကြိမ်မြောက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း မြိတ်မြို့နယ်တရားသူကြီး ဒေါ်ကေခိုင်မြင့်က ပြောသည်။

ဆရာမာန်(တောင်လုံးပြန်)ကို အမိန့်ချသည့်နေ့တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တချို့နှင့် မြိတ် ၈၈ မှ ခေါင်းဆောင်တချို့လည်း လာရောက်ဝန်းရံခဲ့ကြသည်။

Dawei Watch