ဥပဒေနှင့်မညီသည့် လုပ်ရပ် ထိမ်ချန်ပါက ရပ်ကျေးအုပ်ချုပ်ရေးမှူး အရေးယူခံရမည်

0
422
ထားဝယ်မြို့အနီးရှိ မြေကွက်တစ်ကွက်အား အကွက်ရိုက်ရောင်းချရန်ရှင်းလင်းနေသည်ကို ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။

ရပ်ကွက်/ကျေးရွာအတွင်း မြေအကွက်ရိုက် ရောင်းချခြင်းကဲ့သို့သော ဥပဒေမဲ့ လုပ်ရပ်များကို တားမြစ်ရန်၊ သတင်းပေးရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် တာဝန်ရှိသော်လည်း ထိမ်ချန်ပါက အရေးယူခံရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက သတိပေး ပြောကြားလိုက်သည်။

ထင်ရှားသော ဥပဒေမဲ့ လုပ်ရပ်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၊ လောင်းကစားဝိုင်းများပြုလုပ်နေခြင်း စသည်တို့လည်း ပါဝင်သည်။ လက်ရှိတွင် ရော်ဘာခြံ၊ လယ်မြေများကို စီးပွားရေးသမားများက ဝယ်ယူအပြောင်ရှင်းကာ လူနေထိုင်မည့် မြေကွက်များ အကွက်ရိုက်ရောင်းချမှုများ တွင်ကျယ် လျက်ရှိသည်။

ရပ်ကွက်/ကျေးရွာများအတွင်း ပွဲတော်များတွင် လောင်းကစားဝိုင်းများ ကျင်းပနေမှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူရန်လည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားသည်။

ထိုကဲ့သို့သော လောင်းကစားဝိုင်းများအပြင် မြေအကွက်ရိုက်ရောင်းချနေခြင်းကို တားမြစ်ရန်သက်ဆိုင်ရာရပ် ကျေးအုပ်ချုပ်ရေးမှူးတွင် တာဝန်ရှိပြီး သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြရန် အကြိမ်ကြိမ်စာထုတ် ညွှန်ကြား ထားပြီးဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

ယင်းအပြင် ရပ်ကျေးအုပ်ချုပ် ရေးမှူးက သက်ဆိုင်ရာ ရပ်ကျေးလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကိုပါ ထမ်းဆောင်ရသည့်အတွက် တားမြစ်ရန် တာဝန်ရှိကြောင်း ၎င်းက ပြောသည်။

“သူတို့မှာလည်းတာဝန်ရှိတယ်။ ထိမ်ချန်ပြီးတော့မှ လုပ်တယ်ဆိုရင်တော့ နောက်ဆုံး အဲဒီရပ်ကျေးအုပ်ချုပ်ရေးမှူးကိုပါ အရေးယူမှုလုပ်မယ်”ဟု ဦးအောင် စိုးမိုးက ဆိုသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ်အပိုင် (ထားဝယ်မြို့အနီး)တွင် ရော်ဘာခြံကို အကွက်ရိုက်ရောင်းချနေပြီး ၂၀ ပေx၆၀ ပေ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၃၀ ဝန်းကျင်မှ သိန်း ၅၀ ဝန်းကျင်အထိ ဈေးခေါ်ရောင်းချနေသည်။

တနင်္သာရီအပတ်စဉ်၏ စုံစမ်းချက်အရ အဆိုပါမြေကွက်ကို ဝယ်ယူမည်ဆိုပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးက အရောင်းအဝယ်စာချုပ်လုပ် ပေးမည်ဖြစ်ပြီး ခိုင်မာမှုရှိကြောင်း မြေအကွက်ရိုက် ရောင်းချနေသည့် အမျိုးသားက ပြောဆိုစည်းရုံးခဲ့သည်။

ယင်းကဲ့သို့ မြေအကွက်ရိုက်ရောင်းချမှုများတွင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ် ရေးမှူးအနေဖြင့် စာချုပ်ချုပ်ဆို ပေးမှုများရှိကြောင်း စစ်ဆေးပေါ်ပေါက်ပါက ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေအပြင် အခြားသက်ဆိုင်ရာ ဥပဒေများဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ် ရေးမှူးဦးအောင်စိုးမိုးက ဆိုသည်။

“ဥပဒေကို နားလည်လိုက်နာရမယ့် သူက ဥပဒေကို ချိုးဖောက်ရင် အရေးယူမယ်” ဟု ၎င်းက ပြောသည်။

မြေအကွက်ရိုက်ရောင်းချမှု အပါအဝင် ဥပဒေမဲ့ လုပ်ဆောင်မှုများကို တားမြစ်ကြပ်မတ်ရန် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် တာဝန်ရှိသကဲ့သို့ ၎င်းတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ယူကြီးကြပ်ရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

သို့သော်လည်း တနင်္သာရီအပတ်စဉ်က စုံစမ်းချက်အရ ဇန်နဝါရီလ ၂၅ ရက်အထိ ထားဝယ်မြို့အနီးရှိ ကျေးရွာအချို့တွင် မြေအကွက်ရိုက်ရန် စက်ယန္တရားဖြင့် မြေရှင်းနေဆဲ ဖြစ်သည်။

ထိုနည်းတူ မြိတ်မြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင်လည်း မြေအကွက်ရိုက် ရောင်းချမှုများ တွင်ကျယ်နေဆဲ ဖြစ်သည်။

“လက်ရှိ လုပ်နေတုန်းပဲ။ အကွက်တွေဖေါ်ပြီး ထပ်ရောင်းနေကြတယ်”ဟု မြိတ်မြို့ အနီးရှိ ကျေးရွာတစ်ရွာနေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကျေးရွာအပြင် အနီးဝန်းကျင်ရှိ အခြားကျေးရွာများတွင်လည်း လယ်ယာမြေ၊ ဓနိတောမြေများကို ဧကအလိုက် ဝယ်ယူပြီး အိမ်ရာကွက်ဖော်ရောင်းနေကြဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အရေးယူတာတွေ ဟန့်တားတွေလည်း ဘာမှမကြားရဘူး။ ဥပဒေက စာအုပ်ထဲမှာလား ပါးစပ်နဲ့ပြောတာလား။ တကယ်လက်တွေ့လုပ်တာလား။ မေးစရာ ဖြစ်နေတယ်။ ထိထိရောက်အရေးယူဆောင် ရွက်ခြင်းလည်းမရှိဘူး”၎င်းက ပြောပြသည်။

မြိတ်မြို့အနီးထိုသို့ အကွက်ဖော် ရောင်းချကြရာတွင် ပေ ၃၀ ၃၅ ပေ ရှိ မြေတစ်ကွက်လျှင် အနည်းဆုံး ကျပ်သိန်းသုံးဆယ်မှ ငါးဆယ်အထိ အရစ်ကျစနစ်၊ လက်ငင်ပေးချေမှုစနစ်တို့ဖြင့် ရောင်းချနေခြင်း ဖြစ်သည်။

မြို့ပေါ်ရပ်ကွက်များတွင် မြေတစ်ကွက်လျှင် ကျပ်သိန်းတစ်ရာဝန်းကျင်နှင့် အထက်ဘက် ဈေးနှုန်းရှိနေသဖြင့် ဈေးနှုန်းသင့်တော်သည့် မြေကွက်များကို နောက်ရေးအတွက်တွေးပြီး ဝယ်ယူထားရခြင်း ဖြစ်ကြောင်း စမ်းချောင်းကျေးရွာနေ ကိုမိုးငယ်က ပြောပြသည်။

ထားဝယ်တွင် မြေအကွက်ရိုက် ရောင်းချနေမှုများအပြင် ရပ်ကွက်/ကျေးရွာ အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ မှုများက နေရာတိုင်းတွင် ပျံ့နှံ့နေကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် စိုးမိုးက ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးက မိမိရပ်ရွာအတွင်း မူးယစ်ဆေးရောင်းချသုံး စွဲနေသူများကို သိရှိနိုင်သည့်အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများ ကို သတင်းပေးရန်လိုကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်ရွာအတွင်း လောင်းကစားဝိုင်းများ ခွင့်မပြုရန်နှင့် လောင်းကစားဝိုင်း ရှိနေပါက သတင်းပေးတိုင် ကြားရန်လိုအပ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။

ရပ်ရွာအတွင်း ဥပဒေမဲ့လုပ်ရပ်များကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက အားလုံးနီးပါးသိရှိနေသည့် အတွက် သတင်းပေးရန်နှင့် သတင်းပေးပါက ထိရောက်သည့် အရေးယူမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ထိထိရောက် ရောက် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်တမ်းနှစ်ကြိမ်လုပ်ခဲ့ဖူးသည့် ဦးအောင်နိုင်ဦးက ဆိုသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး ကိုယ့်ရပ်ကွက် ကျေးရွာထဲမှာရှိ နေတာတွေကို တိုင်သူရှိရင် ရပ်ကျေးကို အရေးယူမယ်ဆိုတာကို ပြတ်ပြတ်သားသားပြောပြီး တစ်ကယ်လည်း အရေးယူပြရင် ဇာတ်လမ်းကရှင်းသွားလိမ့်မယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်လက်ထက်ကလည်း လောင်းကစားဒိုင်လုပ်နေသူများ၏ အမည်စာရင်းပြုစု ပေးပို့ကြရန် ရပ်ကျေးအုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ ဖူးသည်။

ထိုအချိန်က စာရင်းပြုစုပေးပို့ခဲ့သော်လည်း ကြပ်မတ်လုပ်ဆောင်ခြင်း အလျဉ်းမရှိခဲ့ကြောင်း ရပ်ကွက်အုပ် ချုပ်ရေးမှူးအချို့ထံမှ သိရသည်။

Dawei Watch