ထားဝယ်စီမံကိန်းနယ်မြေတွင် ပြည်သူ့ ကြားနာပွဲ လုပ်ပေးပါ

0
754

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ပြည်သူ့ကြားနာပွဲကို ဇုန်တည်ရှိရာနေရာတွင်လည်း လုပ်စေလိုကြောင်း ဒေသခံအချို့က ပြေဆိုကြသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန် (SEZ) ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြမည့် ပြည်သူ့ကြားနာပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်မည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

ရှင်းလင်းပွဲလုပ်မည့် ထားဝယ်မြို့က စီမံကိန်းနယ်မြေနှင့် အလှမ်းဝေးသည့်အတွက် ဒေသခံအများစု တက်ရောက်နိုင်မည် မဟုတ်ဘဲ စီမံကိန်းနေရာတွင် ထပ်လုပ်စေလိုကြောင်း စီမံကိန်းဧရိယာရှိ ဘဝါကမ်းခြေကျေးရွာ တာဝန်ခံ ဦးစိုးမြင့်က ဆိုသည်။ စီမံကိန်းဧရိယာမှာ ထားဝယ်မြို့မှ မိုင် ၂၀ ကျော်ဝေးသော နဘုဘယ်ကျေးရွာအုပ်စုတွင် တည်ရှိသည်။

“ဒေသခံတွေကို လာပြီးတော့ ပြောပြဆိုပြရှင်းပြမှသာလျှင် ဒေသခံတွေလည်း သဘောပေါက်ပြီးတော့ ကောင်းဆိုးဆိုတာ ဆုံးဖြတ်လို့တတ်မှာခင်ဗျား”ဟု ဦးစိုးမြင့်က ပြောသည်။

လက်ရှိ ထားဝယ်မြို့တွင် ပြည်သူ့ကြားနာပွဲလုပ်မည့်အကြောင်းကိုလည်း မသိရသေးကြောင်း ၎င်းက ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ပြည်သူ့ကြားနာပွဲကို စီမံကိန်းနယ်မြေ၊ ထားဝယ်မြို့နှင့် မေတ္တာမြို့တို့တွင် ပြုလုပ်ရန် တိုင်းအစိုးရထံ မေတ္တာရပ်ခံထားကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။

သို့သော် လက်ရှိတွင် တိုင်းအစိုးရက ထားဝယ်မြို့ပေါ်နေရာတစ်ခုတည်း အတွက်သာ စီစဉ်ပေးထားကြောင်း ၎င်းက ဆိုသည်။

“သုံးနေရာလုံးလုပ်မှ နည်းနည်း ထိရောက်မှုရှိမှာပေါ့၊ ကျွန်တော်တို့လည်း သိတယ်”ဟု ဒေါက်တာမြင့်ဆန်းက ပြောသည်။

အဆိုပါ ကြားနာပွဲတွင် ထားဝယ် အထူးစီးပွားရေးဇုန်၏ ပင်မစီမံကိန်း တစ်ခုလုံးအကြောင်း၊ ကနဦးစီမံကိန်း အကြောင်း၊ အီတာလျံထိုင်းနှင့် မြေငှားစာချုပ်ပြင်ဆင်ထားသည့်အကြောင်း စသည့် အကြောင်းအရာများကို ရှင်းလင်းမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။

ယခင်က အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ပြည်သူ့ကြားနာပွဲများကို စီမံကိန်းဧရိယာအတွင်းရှိ ရှင်းလင်းဆောင်၊ မေတ္တာမြို့တို့တွင် ပြုလုပ်လေ့ ရှိသည်။

Dawei Watch