ထန်းပင်ပေါ်မှ လူခိုးသမား ပထမအမှုအတွက် ထောင် သုံးနှစ်ကျ

0
395

မုဒိမ်းမှု/လူခိုးမှုကျူးလွန်သည်ဆိုသည့် အမျိုးသားတစ်ဦးက လောင်းလုံးမြို့နယ်အတွင်း လယ်ကွင်းအတွင်းရှိ ထန်းပင်ပေါ် ပုန်းအောင်းနေသည့်အတွက် ရဲတပ်ဖွဲ့နှင့် ပြည်သူအချို့က ထန်းပင် လှဲကာဖမ်းဆီးခဲ့ရသည်။

အသက် ၃၂ နှစ်အရွယ်ရှိ အိမ်ထောင်သည်အမျိုးသားက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာရှိ အသက် ၁၇ နှစ်အရွယ်ရှိ အထက်တန်းကျောင်းသူတစ်ဦးကို ခိုးယူပေါင်းသင်းခဲ့ကြောင်း လောင်းလုံးမြို့မရဲစခန်းထံမှ သိရသည်။

ခိုးယူပေါင်းသင်းသည့် မိန်းကလေးက အသက်မပြည့်သေးသည့်အတွက် လူခိုးမှုဖြင့် လောင်းလုံးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ- ၃၆၃ (လူခိုးမှု) ဖြင့် တရားစွဲဆိုထားကြောင်း လောင်းလုံး မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းလွင်က ဆိုသည်။

အဆိုပါအမှုတွင် မြို့နယ်တရားရုံးက ကျူးလွန်သည်ဆိုသည့် အမျိုးသားကို ခံဝန်သူနှစ်ဦးဖြင့်အာမခံကြေးငွေကျပ် သိန်း ၃၀ ဖြင့် အာမခံပေးထားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

အာမခံဖြင့် လွှတ်ထားသည့် အဆိုပါ အမျိုးသားက တရားရုံးချိန်းနှစ်ကြိမ် ပျက်ကွက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် တရားရုံးက ဆင့်ဆိုထားကြောင်း ဒုရဲမှူးဝင်းလွင်က ဆိုသည်။

ထိုနောက် အထက်ပါ အမျိုးသားက ထားဝယ်မြို့နယ်၊ ဘ၀ပင်ကျေးရွာတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦးကို နှစ်ကြိမ် မုဒိမ်းကျင့်ခဲ့သဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ (မုဒိမ်းမှု)ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းအရ သိရသည်။

ယင်းကဲ့သို့ ကျူးလွန်ပြီးနောက် အဆိုပါ အမျိုးသားက ထွက်ပြေးတိမ်းရှောင် နေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုနောက် ထားဝယ်ရဲစခန်းတွင် ဖွင့်ထားသည့်အမှုအတွက် အလိုရှိနေသည့် အထက်ပါ အမျိုးသားက လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာတွင် ရောက်ရှိနေကြောင်း သတင်းရသည့် အတွက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပိတ်ဆို့ရှာဖွေခဲ့ကြောင်း ထားဝယ်ရဲစခန်းမှူး ဒုရဲမှူး အောင်နိုင်မိုးက ဆိုသည်။

ရဲတပ်ဖွဲ့က ရှာဖွေချိန်တွင် အဆိုပါ အမျိုးသားက လယ်ကွင်းအတွင်း ပုန်းအောင်းနေပြီး နောက်ပိုင်းတွင် ထန်းပင်ပေါ်သို့ တက်ပြေးသွားကြောင်း ၎င်းက ပြောသည်။

“ချက်ချင်းကြိုးဆိုင်းပြီး (ထန်းပင်ကို) ဖြတ်မယ်ဆိုမှ နောက်တစ်ပင်ကူးသွားတာ”ဟု ဒုရဲမှူးအောင်နိုင်မိုးက ဆိုသည်။

Facebook ပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်တွင် အဆိုပါ အမျိုးသားရှိနေသည့် ထန်းပင်အောက်ခြေကို လက်ဆွဲလွှဖြင့် ဖြတ်နေပြီး ထန်းပင်မလဲမီဘေးရှိ ထန်းပင်သို့ ခုန်ကူးသွားသည်ကို တွေ့ရသည်။

လောင်းလုံးမြို့နယ်၊ ကထောင်းနီ ရွာတွင် ကျူးလွန်ခဲ့သည့် အမှုနှင့် ပတ်သက်၍ အဆိုပါ အမျိုးသားကို လောင်းလုံးမြို့နယ် တရားရုံးက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ- ၃၆၃ (လူခိုးမှု) ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း လောင်းလုံးမြို့မ ရဲစခန်းမှူး ဒုရဲမှူးဝင်းလွင်က ဆိုသည်။

လောင်းလုံးအမှုအတွက် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် အဆိုပါ အမျိုးသားမှာ ထားဝယ်မြို့နယ် ဘဝင်ပင်ရွာတွင် ကျူးလွန်ခဲ့သည်ဆိုသည့် မုဒိမ်းမှုအတွက် ထပ်မံတရားရင်ဆိုင်ရမည်ဖြစ်သည်။

Dawei Watch