မြိတ်မြို့သစ်စီမံကိန်း သိမ်းဆည်းမြေ အစိုးရက ပြန်ပေးရန် စီစဉ်

0
662

မြိတ်မြို့၊ မြို့သစ်စီမံကိန်းပြုလုပ်ရန် လွန်ခဲ့သော ၁၅ နှစ်ကတည်းက သိမ်းဆည်းထားသည့် မြေများဒေသခံများသို့ ပြန်ပေးရန် တနင်္သာရီတိုင်းအစိုးရမှ စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့ စိုက် ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြင့်စန်းက ပြောကြားသည်။

မြိတ်မြို့တစ်ဖက်ကမ်းရှိ ကျောက်ဖျာ ကျေးရွာအုပ်စုနှင့် သဘွတ်ကျေးရွာ အုပ်စုရှိ မြေဧက ၅ ထောင်ကျော်ကို မြို့သစ်စီမံကိန်းပြုလုပ်ရန်၂၀၀၄ ခုနှစ်က သိမ်းထားခြင်း ဖြစ်သည်။

သိမ်းဆည်းခံရသည့် စီမံကိန်း ဧရိယာအတွင်းဒေသခံ တောင်သူ ၁၀၉၂ ဦး၏ လယ်မြေ ၁၂၇၉ ဧက၊ ဥယျာဉ်ခြံ ၃၄၂၇ ဧက၊ ဓနိမြေ ၃၉၀ ဧက နှင့် တောရိုင်းမြေ ၄၀၆ ဧက ပါဝင်သည်။

လက်ရှိအချိန်တွင် ယင်းမြေများကို ခရိုင်မြေယာစိစစ်ရေးကော်မတီမှ စိစစ် နေပြီး တိုင်းကော်မတီမှတစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်ကာ ပြန်ပေးမည်ဖြစ်ကြောင်း ဦးမြင့်စန်းက ပြောသည်။

“ဧက ဘယ်လောက် ပြန်ပေးမယ် ဆိုတာကတော့ ပြောလို့မရသေးဘူး။ Clear (လွတ်နေ) ဖြစ်တဲ့ဟာကိုပဲ ပေးရမှာ”ဟု ၎င်းက ပြောသည်။

လက်ရှိ ယင်းစီမံကိန်းမြေပေါ်တွင် အလုပ်ရုံအဆောက်အအုံ အချို့၊ အစိုးရ ဌာန အဆောက်အအုံအနည်းငယ် ဆောက်လုပ်ထားကြောင်း ဒေသခံရွာသားများ ထံမှ သိရသည်။

သိမ်းဆည်းမြေ ပြန်ပေးနိုင်ရေး စိစစ်နေဆဲ အနေအထားဖြစ်သည့်အတွက် အခက်အခဲ များပြားပါက အနည်းငယ် ကြာနိုင်ပြီး ယခုနှစ်အကုန်တွင် ပြန်ပေး နိုင်ရန် ကြိုးစားနေကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောပြသည်။

မြေသိမ်းဆည်းခံခဲ့ရသည့်အတွက် ဒေသခံတောင်သူလယ်သမားများ အခက် အခဲမျိုးစုံနှင့် ကြုံခဲ့ကြရပြီး အချို့မှာ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင် အလုပ်လုပ်ကိုင်ခဲ့ရကြောင်း ဒေသခံများ ထံမှ သိရသည်။

ကိုဆန်း