ဘင်္ဂလီနှစ်ရာနီးပါးတင်ထားသည့်လှေ ကော့သောင်းရေပြင်တွင် ဖမ်းမိ၊ လှေပဲ့နင်းနှင့် လှေသားများကို တရားစွဲရန်ပြင်

0
965

ကော့သောင်းရေပြင်တွင် ဖမ်းမိ သည့် ဘင်္ဂလီနှစ်ရာနီးပါးတင်ထားသည့် လှေတစ်စီး ဖမ်းမိပြီးနောက် လှေပဲ့နင်း နှင့် လှေသားများကို တရားစွဲရန် ပြင်ဆင် နေကြောင်း ကော့သောင်းခရိုင်အုပ်ချုပ် ရေးမှူး ဦးနေဦးက ပြောသည်။

အဆိုပါလှေကို ဒီဇင်ဘာလ ၁၅ ရက်က တပ်မတော် စစ်ရေယာဉ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကော့သောင်း ခရိုင်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် ဖမ်းမိခဲ့ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။

အလျား ၆၅ ပေ အနံ ၁၀ ပေရှိ အဆိုပါလှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂိုသူဟာလန် ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၈ ဦးနှင့် ကလေး ၂၂ ဦးကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

အဆိုပါ လှေကို မြိတ်မြို့နေ အမျိုးသားက မောင်းနှင်(ပဲ့နင်း)ပြီး လှေသား ၇ဦး ပါဝင်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လက်ရှိတွင် လှေပိုင်ရှင်နှင့် လှေသားများကို ကော့သောင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲရန် ပြင်ဆင်နေကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

“ဘယ်ပုဒ်မတွေနဲ့ တရားစွဲမယ် ဆိုတာတော့ အမှုပြင်ဆင်နေတုန်းပါ”ဟု ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ဒီဇင်ဘာလ ၂၁ ရက်တွင်ပြောသည်။

အဆိုပါ လှေစီးဒုက္ခသည်များကို စိန့်မာတင်ကျွန်းအနီးတွင် ဒီဇင်ဘာလ ၄ ရက်မှ ၁၀ ရက်အထိ ၃ သုတ်ခွဲကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပွဲစားမှ လှေငယ်များဖြင့် လာရောက်ပို့ဆောင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

လှေစီးဒုက္ခသည်များကို ကော့သောင်းရှိ တပ်မတော်ရေ၏ ပိုက်နက်တွင် လိုအပ်သည့် အစောင့်အရှောက်ပေးကာ ထိန်းသိမ်းထားပြီး စိစစ်ဆဲဖြစ်ကြောင်း ကော့သောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

“စိစစ်တုန်းပါ၊ တပ်မတော်ရေတပ် နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်”ဟု ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

ယမန်နှစ်ကလည်း ထားဝယ်ခရိုင် လောင်းလုံးဘုတ်ကျွန်းအနီး ပင်လယ် ပြင်တွင် လှေဖြင့်လာသည့် ဘင်္ဂါလီ ၉၃ ဦးကို ဖမ်းမိခဲ့ပြီး မူရင်းထွက်ခွာလာသည့် နေရာကို ပြန်ပို့ပေးခဲ့သည်။

တနင်္သာရီတိုင်းအတွင်းရေပြင်တွင် လှေဖြင့်လာသည့် ဘင်္ဂါလီဒုက္ခသည်များ မကြာခဏ ဖမ်းမိလေ့ရှိပြီး အများစုမှာ မလေးရှားနိုင်ငံသို့ သွားမည့်သူများ ဖြစ် ကြသည်။

Dawei Watch