ဆိုက်ကယ်ကများများ၊ လိုင်စင်ရှိသူက နည်းနည်း

0
802

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တွင် ဆိုင်ကယ်အစီးရေနှင့် “က”ယာဉ်မောင်း လိုင်စင်အချိုး ကွာဟမှု အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကညနထံမှ သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ စာရင်းများအရ ထားဝယ်ခရိုင်တွင် လိုင်စင်ရှိ ဆိုင်ကယ်အစီးရေ တစ်သိန်း နှစ်သောင်းနီးပါးရှိပြီး ဆိုင်ကယ်မောင်းလိုင်စင်လုပ်ထားသူဦးရေ ခုနစ်သောင်း တစ်ထောင်ကျော်သာရှိကြောင်း အထက်ပါရုံးစာရင်းအရ သိရသည်။

မြိတ်ခရိုင်တွင် ဆိုင်ကယ်အစီးရေ ကိုးသောင်းငါးထောင်နီးပါးရှိသော်လည်း ဆိုင်ကယ်မောင်းလိုင်စင်လုပ်ထားသူ လေးသောင်းနီးပါးသာရှိကြောင်း ယင်း ရုံးထံမှ သိရသည်။

အသက် ၁၆ နှစ်ပြည့်ပြီး ၁၈ နှစ် မပြည့်သေးသူများကို ဆိုင်ကယ်မောင်း လိုင်စင် “က-၁” လုပ်ပေးပြီး အသက် ၁၈ နှစ်ပြည့် သူများကို “က” လိုင်စင်ထုတ် ပေးနေသည်။

ယာဉ်မောင်းလိုင်စင်မရှိပါက ယာဉ်စည်းကမ်းလမ်းစည်းကမ်းမသိနိုင်ဘဲ ယာဉ်တိုက်မှုများဖြစ်ပွားလေ့ရှိကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

ကော့သောင်းခရိုင်တွင်မူ ယာဉ်မောင်းလိုင်စင်အရေအတွက်က ဆိုင်ကယ် အစီးရေထက် ပိုများနေကြောင်း အထက်ပါ ရုံး စာရင်းအရ သိရသည်။

ကော့သောင်းခရိုင်တွင် ယာဉ်မောင်းလိုင်စင်ရှိသူ တစ်သောင်းခွဲနီးပါးရှိပြီး လိုင်စင်ရှိ ဆိုင်ကယ်အစီးရေ တစ်သောင်းနှစ်ထောင်ကျော် ရှိသည်။

“က” နှင့် “က-၁” လိုင်စင်ဖြင့် ဆိုင်ကယ်မောင်းသူများရှိသကဲ့သို့ “ခ” လိုင်စင်၊ “ဟ” လိုင်စင်နှင့် “င” လိုင်စင် ဖြင့် စီးနင်းသူများလည်း ရှိသည်။

ဆိုင်ကယ်အစီးရေအချိုးနှင့် ယာဉ် မောင်းလိုင်စင်အချိုး ကွာဟနေသည့် အတွက် မြို့နယ်များကို တစ်လခြား တစ်ကြိမ် ယာဉ်မောင်းလိုင်စင် ကွင်းဆင်း လုပ်ပေးနေကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေနှင့် မိမိရပ်ရွာအတွင်း ယာဉ်မောင်းလိုင်စင် လုပ်လိုသူ ငါးဆယ် ဦးအထက်ရှိပါက လာရောက်ကမ်းလှမ်း နိုင်ကြောင်း ဦးထင်ပေါ်က ဆိုသည်။

“ကိုယ့်ရဲ့ ကျေးရွာတွေမှာ လိုအပ်လို့ရှိရင် လုပ်ချင်တယ်ဆိုရင် ကမ်းလှမ်း ရင် လာလုပ်ပေးမယ်”ဟု ဦးထင်ပေါ်က ပြောသည်။

ကညနရုံးတွင် ဆိုင်ကယ်လိုင်စင်ကို တနင်္လာနေ့ တစ်ရက်တည်းသာ ပြုလုပ်ခွင့်ပေးသည့်အတွက် အချိန်အခက်အခဲများ ရှိနေကြောင်း ထားဝယ်တက္ကသိုလ်တွင် အဝေးသင် ဒုတိယနှစ်ဖြေဆိုထား သည့် ကျောင်းသူတစ်ဦးက ဆိုသည်။

“တစ်ပတ်မှာ သုံးရက်လောက် လုပ်ပေးရင် အဆင်ပြေမယ်”ဟု အဆိုပါ ကျောင်းသူက ပြောသည်။

ဆိုင်ကယ်မောင်း “က” လိုင်စင် လုပ်ပါက ကညနရုံးတွင် ငွေကျပ်နှစ်သောင်းကျော် ပေးသွင်းရပြီး က-၁ လိုင်စင်ဆိုပါက တစ်သောင်းသုံးထောင်ခန့် ပေးသွင်းရကြောင်း အထက်ပါရုံးထံမှ သိရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်မှုအများဆုံးအဆင့်တွင် တနင်္သာရီတိုင်းက အဆင့် ၉ နေရာတွင် ရပ်တည်နေကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch