ရငဲကျေးရွာတွင် ယာဉ်မောင်းလိုင်စင် ကွင်းဆင်းလုပ်ပေးမည်

0
758
Dawei Watch, Dawei News, Dawei News Media

သရက်ချောင်းမြို့နယ်အတွင်းရှိ ရငဲကျေးရွာတွင် ဆိုင်ကယ်မောင်း ယာဉ်မောင်းလိုင်စင် ကွင်းဆင်းလုပ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်တွင် ဆိုင်ကယ်မောင်း “က” လိုင်စင်နှင့် “က-၁” လိုင်စင်လုပ်ပေးမည်ဖြစ်ပြီး အဆင်ပြေပါက နေ့ချင်းပြီး လိုင်စင်ထုတ်ပေးမည် ဖြစ်ကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။

လိုင်စင်လုပ်သူများပါက တနင်္လာနေ့ အပြီးထုတ်ပေးမည်ဖြစ်ပြီး လိုင်စင် ကတ်ပြီးပါက ကျေးရွာအရောက် ဆင်းပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့ လာထုတ်စရာ မလိုဘူး။ ဆင်းပေးမှာ။ ဝန်ဆောင်မှု အပြည့်ပေးမှာ”ဟု ဦးထင်ပေါ်က ပြောသည်။

ယာဉ်မောင်းလိုင်စင်(က) ပြုလုပ်ရန် မှတ်ပုံတင်မိတ္တူ၊ နောက်ခံအပြာ ရောင်ပါသည့် Passport ဆိုဒ် ရောင်စုံ ဓာတ်ပုံ ၃ ပုံ လိုအပ်မည် ဖြစ်သည်။

အခြားကျေးရွာများတွင်လည်း လိုင်စင်လုပ်လိုသူ ငါးဆယ်ဦးအထက်ရှိပါက ကွင်းဆင်းလုပ်ပေးရန် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက တိုင်းဒေသကြီး ကညနရုံးတွင် လာရောက်ဆက်သွယ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့ရှိ ကညနရုံးတွင်လည်း အပတ်စဉ် တနင်္လာနေ့များတွင် ဆိုင်ကယ် မောင်းလိုင်စင် လုပ်ပေးနေကြောင်း အထက်ပါရုံးထံမှ သိရသည်။

Dawei Watch