မွန်ဆိုင်ကယ်လိုင်စင် ရက်ပေါင်း ခြောက်ဆယ် ပြုလုပ်ပေးမည်

0
726

မွန်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒေသလိုင်စင် ရက်ပေါင်းခြောက်ဆယ်အကြာ ပြုလုပ် ပေးမည်ဖြစ်ကြောင်း ပြည်နယ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီတိုးက ပြောသည်။

မွန်ဒေသလိုင်စင်လုပ်ပေးမည့် ကာလကို ဒီဇင်ဘာ ၉ ရက် ၂၀၁၉ ခုနှစ် မှ မတ်လ ၁၁ ရက် ၂၀၂၀ ခုနှစ်ထိ (ရုံးပိတ်ရက်မပါဘဲ) ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီး မော်လမြိုင်မြို့နှင့် သထုံမြို့တို့ တွင် အခြေပြုစတင်လုပ်ပေး သွားမည်ဟုလည်း မွန်ပြည်နယ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“မွန်ဒေသအမှတ်နဲ့ ဆိုင်ကယ်တွေ ကို လိုင်စင်ပေးတဲ့အစီအစဉ်မှာ Pilot Project အနေနဲ့ကတော့ သထုံနဲ့ မော်လမြိုင်မှာ အရင်စလုပ်ပါမယ်။ ပြီးရင်တော့ မြို့နယ်တွေအထိ ကွင်းဆင်း ပြီးတော့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ဒေါ်သိင်္ဂီတိုးက ပြောသည်။

မွန်ဒေသလိုင်စင်ကို ၂၀၀၀ ခုနှစ် နောက်ပိုင်းထုတ် မော်တော်ဆိုင်ကယ်များအားပြုလုပ်ပေး မည်ဖြစ်ပြီး ဆိုင်ကယ် အမျိုးအစားအလိုက် ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအနေဖြင့်ပေးဆောင်ရမည့်အပြင် ကညန၊ မြန်မာ့ အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ် ဝန်ဆောင်ခ စုစုပေါင်း ၃၄၈၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။

ဒဏ်ကြေးကို ဆိုင်ကယ်ထုတ်လုပ် သည့်ခုနှစ်၊ ဆိုင်ကယ်အင်ဂျင်ပါဝါ၊ ထုတ်လုပ်သည့် နိုင်ငံအလိုက် မူတည်ပြီး အနိမ့်ဆုံး ၉၀၀၀၀ ကျပ်နှင့် အမြင့်ဆုံး ကျပ် ၁၁ သိန်း သတ်မှတ်ထားသည်။

မွန်ဒေသလိုင်စင်ကို မော်လမြိုင်မြို့ တွင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ ခရီးသည်ပို့ဆောင်ရေးဌာနခွဲ မော်တော် ယာဉ်မောင်းနှင်မှု ထိန်းသိမ်းရေးကျောင်း (Pro 1 နှင့် မောင်ငံတိုက်ခန်းအနီး) တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သထုံတွင် ဘင်လှိုင်ရပ်ကွက်ရှိ မြို့မိုးလုံလေလုံ အားကစားခန်းမ၌ ရုံးဖွင့်ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအချိန်ထိ ပြုလုပ် ပေးသွားမည်ဖြစ်သည်။

Dawei Watch