ထားဝယ်မြို့ ကျန်းမာရေးလမ်းပိုင်းကို ၁၈ ပေအကျယ်ချဲ့မည်

0
824

ထားဝယ်မြို့ရှိ ကျန်းမာရေးလမ်းပိုင်းနေရာအချို့ကို ယခုဘဏ္ဍာရေးနှစ် တွင် ၁၈ ပေ အကျယ်ချဲ့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် လမ်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါလမ်းပိုင်းရှိ မိုးရာသီ လမ်း ရေကျော်လေ့ရှိသည့် မီးရထားသံလမ်း အနီးမှ စောမိညိုလမ်းဆုံအထိ လမ်းမြှင့်တင်ပြီး ၁၈ ပေ အကျယ် ကတ္တရာလမ်း ခင်းမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီး ဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ဝင်းလဲ့လဲ့ခိုင်က ဆိုသည်။

လက်ရှိတွင် အဆိုပါလမ်း၏ အကျယ် မှာ ၁၂ ပေသာရှိကြောင်း အထက်ပါဌာန ထံမှ သိရသည်။
ထိုသို့ချဲ့ထွင်ရာတွင် လမ်းဘေး ဝဲယာရှိ ထန်းပင်များကို ခုတ်လှဲမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ထန်းပင်က လွတ်အောင်လုပ်ထား တယ်။ ထန်းပင်ကြားတွေထဲမှာ (မြေ)လိုက်ဖို့မယ်။ ထန်းပင်မလှဲဘူးရှင့်”ဟု ဒေါ်ဝင်းလဲ့လဲ့ခိုင်က ဆိုသည်။

အဆိုပါ လမ်းချဲ့သည့် လုပ်ငန်းအတွက် တိုင်းဒေသကြီးဘတ်ဂျက် ငွေကျပ် ၁၃၆.၅ သန်းကို အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါလမ်းချဲ့ရန် တိုင်းတာရေးလုပ်ငန်းများ လုပ်ဆောင်နေ ပြီး လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဒေါ်ဝင်းလဲ့လဲ့ခိုင်က ဆိုသည်။

အထက်ပါ လမ်းပိုင်းကို တစ်ဝက် တစ်ပျက် ချဲ့ခြင်းထက် ပေါက်တိုင်းတံတား အနီးအထိ လမ်းတစ်လျှောက်လုံးကို ချဲ့သင့်ကြောင်း ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်နေ ဦးဇော်ဝင်းက အကြံပြု သည်။

“လမ်းက အရမ်းကျဉ်းနေတော့ ကားနှစ်စီးတောင် ကောင်းကောင်းမရှောင် နိုင်ဘူးဖြစ်နေတာ”ဟု ဦးဇော်ဝင်းက ပြောသည်။

ကျန်းမာရေးလမ်းရှိ ၁၂ ပေ အကျယ် ကျန်နေသည့်လမ်းပိုင်းကို ၁၈ ပေ အကျယ် ခင်းနိုင်ရန် ဘတ်ဂျက်ထပ်မံ တောင်းခံရန်ရှိကြောင်း ဒေါ်ဝင်းလဲ့လဲ့ခိုင်က ဆိုသည်။

အဆိုပါလမ်းပိုင်းရှိ အလျား ပေ၂၀ အကျယ်ပေ ၃၀ ရှိ တံတားအသစ်နှစ်စီးကိုလည်း ကျပ် ၁၉၀ သန်း ကုန်ကျခံတည် ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းစတင်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

Dawei Watch