ပိုင်ဆိုင်မှုအငြင်းပွားနေသည့် မြင်းခွာအော်ကမ်းခြေပေါက် မြေနေရာတွင် လမ်းဦးစီးက သဲဝင်တူး

0
636

လောင်းလုံးမြို့နယ် ကြက်လွှတ် ကျေးရွာရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြင်းခွာအော် ကမ်းခြေပေါက်မြေနေရာ တစ်ခုတွင် မြို့နယ် လမ်းဦးစီးဌာနမှ သဲဝင်ရောက်တူးယူနေကြောင်း ယင်း ကမ်းခြေပေါက် မြေပိုင်ရှင်ဟုဆိုသူ ဦးမြင့်လွင်က ပြောသည်။

ကျောက်မတ္တပ်နှင့် ကြက်လွှတ်ရွာ ကြား ကတ္တရာလမ်းချဲ့ရာတွင် အသုံးပြု ရန်ဟုဆိုကာ မြင်းခွာအော်ကမ်းခြေရှိ ယခင်က ဘန်ဂလိုများဆောက်လုပ်ထား သည့်နေရာအနီးတွင် လောင်းလုံးမြို့နယ် လမ်းဦးစီးဌာနမှ သဲများဝင်ရောက် တူးယူနေခြင်း ဖြစ်ကြောင်း ဦးမြင့်လွင်က ပြောသည်။

ဘက်ဖိုး၊ မြေသယ်ကားတို့ဖြင့် ဒီဇင်ဘာလ ၁ ရက်ည ၁၁ နာရီအချိန် မှစတင် သဲတူးယူနေခြင်းဖြစ်ပြီး ဒီဇင်ဘာ လ ၆ ရက်အထိ စုစုပေါင်း သုံးကြိမ်တိတိ လာရောက်တူးယူသွားခဲ့ကြောင်းကို ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ် လမ်းဦးစီး ဌာနမှ ယင်းလမ်းပိုင်းကို တာဝန်ယူရ ရသည့် အငယ်တန်းအင်ဂျင်နီယာတစ်ဦး ကမူ ကြက်လွှတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ထံတွင် ခွင့်ပြုချက်တောင်းပြီးမှ သဲဝင် ရောက်တူးယူခြင်းဖြစ်ကြောင်း ပြောဆို သည်။

ယင်းကမ်းခြေပေါက်မြေနေရာ သည် ၎င်း၏ မိဘများပိုင်ဆိုင်ခဲ့သည့်မြေ နေရာဖြစ်သည်ဟု ဦးမြင့်လွင်ကဆိုပြီး ကြက်လွှတ်ကျေးရွာ အုပ်ချုပ်ရေးမှူးကမူ ကျေးရွာပိုင်မြေဖြစ်သည်ဟုဆိုကာ နှစ်ဘက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာဖြစ်ကြောင်း ထားဝယ်ခရိုင် တောင်သူလယ်သမား သမဂ္ဂထံမှ သိရ သည်။

ယင်းကဲ့သို့ပိုင်ဆိုင်မှုအငြင်းပွားနေ သည်ကိုလည်း လမ်းဦးစီးဌာနအနေဖြင့် ကြိုတင်မသိခဲ့ဘဲ လမ်းလုပ်ရာတွင် သဲအသုံးပြုရန် အရေးပေါ်လိုအပ်လာ သဖြင့် အုပ်ချုပ်ရေးမှူးထံတွင် ခွင့်ပြုချက် ယူကာ ဝင်ရောက်တူးယူခဲ့ခြင်းသာဖြစ်ကြောင်း အငယ်တန်းအင်ဂျင်နီယာက ပြောသည်။

ယမန်နှစ်ကလည်း အလားတူပင် လမ်းလုပ်ရန်ဟုဆိုကာ ယင်းကမ်းခြေ ပေါက်နေရာတွင် သဲတူးယူသွားခြင်းများ ရှိခဲ့ဖူးပြီး နောက်ပိုင်းတွင် တွင်းအဖြစ် ကျန်နေသည့် နေရာကို မြေများလာရောက် ဖုံးပေးခဲ့ကြောင်း ဦးမြင့်လွင်က ပြောသည်။

ယင်းကဲ့သို့ ကမ်းခြေပေါက်မြေ နေရာတွင် မကြာခဏ သဲလာတူးနေခြင်း ကြောင့် ကမ်းခြေတွင် တွင်းများဖြစ်ကျန် ရစ်ကာ ကမ်းခြေအလှ ပျက်စီးမည်ကို စိုးရိမ်ကြောင်း ဦးမြင့်လွင်က ပြောသည်။

“ကျွန်တော်တို့ လမ်းလုပ်ဖို့အတွက် သဲလာယူတာကို မပေးချင်လို့မဟုတ်ဘူး။ ကမ်းခြေပျက်စီးသွားရင် ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ”ဟု ၎င်းက ဆိုသည်။

သဲတူးယူပြီးနောက် တွင်းအဖြစ်ကျန်နေသည့်နေရာများကိုလည်း ပြန် ပြုပြင်ပေးမည်ဖြစ်ပြီး ပိုင်၃ဆိုင်မှုအငြင်း ပွားနေသည်ကို သိရှိပြီးနောက်ပိုင်းတွင်လည်း သဲဝင်တူးတော့မည် မဟုတ်ကြောင်း လောင်းလုံးမြို့နယ် လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာက ဆိုသည်။

ကျော်သူစိုး