တနင်္သာရီတိုင်းဖွံ့ ဖြိုးရေး ခရီးသွား လုပ်ငန်း အဓိကအခန်းကဏ္ဍတွင် ရှိနေဟု ဒုသမ္မတပြော

0
915

တနင်္သာရီတိုင်းဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘာ၀အခြေခံခရီးသွား လုပ်ငန်းသည် အဓိကအရေးပါသည့် အခန်းကဏ္ဍတွင်ပါဝင်နေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ကပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့က မြိတ်မြို့၊ ပုလဲသန္တာဟိုတယ်တွင်ပြုလုပ်သည့် တနင်္သာရီတိုင်း ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ဒုတိယသမ္မတက ပြောဆိုခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း မောင်းမကန် ပင်လယ်ကမ်းခြေ၊ တနင်္သာရီတောင်တန်းနှင့် အလွန်လှပသည့် ကျွန်းငယ်ပေါင်း ၈၀၀ ကျော်၏ သဘာ၀အလှများပိုင်ဆိုင် ထားသည်ဟု ဒုတိယသမ္မတက ဆိုသည်။

“ဒါကြောင့် သဘာ၀အခြေခံတဲ့ ခရီးသွားလုပ်ငန်းဟာ တနင်္သာရီတိုင်းဖွံ့ဖြိုးတိုးတက်ဖို့ အဓိကအချက်အချာ ကျတဲ့ အရေးပါတဲ့ကဏ္ဍမှာ ပါဝင် လျက်ရှိပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတနင်္သာရီတိုင်းအတွင်း သဘာ၀ကိုအခြေခံသည့် ခရီးသွား လုပ်ငန်း ၈၂ ခုရှိပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တစ်နှစ်လျှင် ပြည်တွင်းပြည်ပ ခရီးသွား သုံးသိန်းကျော် ဝင်ရောက်ခဲ့ ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောဆိုခဲ့ဖူးသည်။

ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တွင် ကျင်းပမည့်ဖိုရမ်သည် တနင်္သာရီတိုင်း တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဒုသမ္မတဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများနှင့်ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ကိုဆန်း