တရားဝင် အရက်၊ ဘီယာ ရောင်းချခွင့်ရရှိရေးဆိုရာတွင်

0
1985

“သတင်းဆောင်းပါးရှင်ရယ် မနောက် ပါနဲ့”

ပြီးခဲ့သည့်အပတ် တနင်္သာရီဂျာနယ် မျက်နှာဖုံးပါ သတင်းဆောင်းပါးတစ်ပုဒ် ကို ဖတ်ရတဲ့အခါ စိတ်ထဲ အဲသည်အတိုင်း တွေးမိခြင်း ဖြစ်သည်။

“လာတဲ့ရဲ၊ အုပ်ချုပ်ရေးမှူး အကုန် လုံးကို ကြောက်နေရတယ်”ဟူသော နီနီ ရဲရဲ စာလုံးခေါင်းစီးအောက်မှာ “ဥပဒေ ဘောင်အတွင်းမှ ရောင်းချလိုကြောင်း အရက်၊ ဘီယာဆိုင်ရှင်များပြော”ခေါင်းစီး ပါ မျက်နှာဖုံးသတင်းဆောင်းပါးကို ဖတ်ရသည့်အချိန် ကျွန်တော့် အတွေးတွေ က ဆက်ကာဆင့်ကာ။

တစ်ချိန်တည်းမှာ လူမှုကွန်ရက်ပေါ် မှာ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် ရရှိရေး ရန်ကုန်မြို့မှာ ဆန္ဒပြသည့် သတင်း တွေတက်နေသလို အပြာကားဆန်ဆန် MTV ရိုက်သည့် သရုပ်ဆောင် အဆိုတော် ကလည်း သူတို့အနုပညာကို ပြည်သူကို ချပြခြင်းသာဖြစ်ကြောင်း ရှင်းပြချိန်နှင့် လည်း တိုက်ဆိုင်လို့နေသည်။ အားလုံး က တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမလိုလို။ “လွတ်လွတ်လပ်လပ် ဆိုတာနဲ့ စည်းလွတ် ဘောင်ကျော်တွေ ဖြစ်ကြသင့်ပြီလား”အတွေးတွေက ဆက်လို့ ဝင်လာပါတယ်။

တနင်္သာရီဂျာနယ် မျက်နှာဖုံး သတင်း ဆောင်းပါးမှာ”နိုင်ငံ့အခွန်ဆောင်ကာ ဥပဒေဘောင်အတွင်းမှ ဆိုင်ရောင်းချခွင့် ရချင်သူ အများစုအတွက် အခွင့်အလမ်း မဲ့နေဆဲဖြစ်သည်”ဟု အစချီလျက် တနင်္သာရီတိုင်းအတွင်းရှိ ထောင်ချီသော အရက်ဘီယာဆိုင်တို့မှာ ခိုးရောင်း ခိုးဝယ် စနစ်ကို ကျင့်သုံးနေရဦးမည့်အခြေအနေမှ လွတ်လမ်း မမြင်သေးပေ”ဟု ဖော်ပြထား သည်။

“ဥပဒေဘောင်အတွင်းကပဲ နေချင် တယ်။ အလျော်အစား ကြီးတယ်လေ။ အရဲစွန့် ရောင်းနေကြရတာပါ။ လိုင်စင် ကတော့ ပေါ်လစီ(ယစ်မျိုး မူဝါဒအရ) တိုးမချပေးဘူး ပြောတယ်။ အရက်အမျိုး အစားပေါင်းစုံကတော့ ထုတ်ခွင့်ပေးနေ တယ်။ ပေါ်လစီနဲ့ ကိုက်ရဲ့လားလို့ မေးချင် တယ်”ဟု အရက်ဘီယာ ဆိုင်ပိုင်ရှင်တစ်ဦး ၏ အမေးစကားနှင့်အတူ ပြည်ထောင်စု အစိုးရသည် အရက်သောက်သုံးခြင်း အလေ့အထ ပြန့်ပွားခြင်းကို အားပေးခြင်း မရှိစေရေး မူဝါဒချမှတ်ထားကြောင်း ဖော်ပြထားပြီး ကိုလေးဝင်းဆိုသူ၏”သေချာ ခြုံငုံကြည့်ရင် ပေါ်လစီက အမှားကြီး လို့ ကျွန်တော်ပြောချင်တယ်”ဟူသော စကားဖြင့် မျက်နှာဖုံး သတင်းဆောင်းပါး ကို အဆုံးသတ်ထားသည်။

အဆိုပါ အာဘော်သည် တနင်္သာရီ ဂျာနယ် အယ်ဒီတာအဖွဲ့ အာဘော် ဟုတ်မဟုတ် မပြောနိုင်ပေမယ့် အဲသလို ဖြစ်လို့နေတာ အမှန်။

ထို့ကြောင့်လည်း “ဆောင်းပါးရှင် တို့ရယ် မနောက်ပါနဲ့”ဟု တွေးမိလေခြင်း ဖြစ်ပါသည်။

အဆိုပါ ဆောင်းပါး အာဘော်နှင့် မတူသော်လည်း သဘောတရားတူသည့် အမေးကို ပြည်သူ့လွှတ်တော်တွင် ကန်ကြီး ထောင့် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်း မေးသည်ကို ပြည်ထဲရေးဝန်ကြီးက ပြန်ဖြေသည်မှာ…

မြန်မာနိုင်ငံတော်အတွင်း ယစ်မျိုးစီမံခန့်ခွဲရေးလုပ်ငန်းများကို ၁၉၁၇ခုနှစ် မြန်မာနိုင်ငံ ယစ်မျိုး ဥပဒေ၊ ၁၉၂၈ခုနှစ် မြန်မာနိုင်ငံ ယစ်မျိုး ဥပဒေတို့ဖြင့် ကိုင် တွယ်ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ၁၉၂၉ခုနှစ် မြန်မာနိုင်ငံတော် ယစ်မျိုးအမိန့်ဆင့်ဆိုချက်များအရ

၁။ အရက်သေစာ သောက်စားခြင်း အလေ့အထ ပြန့်ပွားခြင်းကို အားပေး ခြင်း မရှိစေရန်၊

၂။ သေရည်သေရက် ရောင်းချရာ တွင် တရားဝင် ထုတ်လုပ်မှု ရောင်းချမှုမရှိ စေဘဲ အခွန်ငွေ ကြီးမြှင့်နိုင်သမျှ ကြီးမြှင့် ကောက်ခံရန်၊

၃။ မူးယစ်ဆေးဝါး သေရည်သေရက် ရောင်းချရာတွင် အခွန်ကြီးမြှင့်ကောက်ခံ ခြင်းသည် အခွန်ငွေရရန် မဟုတ်ဘဲ သောက်စားသုံးစွဲခြင်း ခေါင်းပါးစေရန် သေရည်သေရက် ရောင်းချခြင်းကို အခွန် ကောက်ခံရသည်ဟု နှလုံးသွင်းရမည်ဟု ယစ်မျိုးနှင့် ပတ်သက်သော မူဝါဒ သုံးရပ်ချမှတ်ထားပါကြောင်း၊

၄။ အရက်ဆိုင်အရေအတွက်ကို ကန့်သတ်သတ်မှတ်ထားရန် ချမှတ်ထား ပါကြောင်း
ဖြစ်ပါသည်။

တနင်္သာရီဂျာနယ်ပါ သတင်း ဆောင်းပါးသည် လတ်တလော ယစ်မျိုး အက်ဥပဒေနှင့် နိုင်ငံတော်၏ ယစ်မျိုး ဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်း လိုအပ် ချက်များအား ဝေဖန်လျက် ယင်းဥပဒေနှင့် မူဝါဒသည် အခြေအနေနှင့် မကိုက်ညီ သည့်အတွက် ခေတ်ကာလ အခြေအနေ နှင့် လျော်ညီစွာ ပြင်ဆင်ကြလျက် အရက် နှင့် ဘီယာဆိုင်များကို တရားဝင် အခွန် အခဖြင့် တရားဝင် ဖြန့်ဖြူးရောင်းချခွင့် ရလိုပါကြောင်းဆိုလိုခြင်းဖြစ်လေရာ ယင်းအကြောင်း အချက်အလက်အခြင်းအရာ တို့မှာ ပြည်သူ့လွှတ်တော်တွင် အဆိုပါ မေးမြန်းခဲ့သည့် အမေးနှင့်အဖြေတို့အရ ဆိုရပါလျှင် အတော်ပင် ရှင်းလင်းပြီး ဖြစ်ပါသည်။

ဥပဒေဘောင်အတွင်းမှ ရောင်းချ လိုကြောင်း အရက်၊ ဘီယာဆိုင်ရှင်များ ပြော ခေါင်းစီးပါ မျက်နှာဖုံးသတင်း ဆောင်းပါးပါ “လာတဲ့ရဲ၊ အုပ်ချုပ်ရေးမှူး အကုန်လုံးကို ကြောက်နေရတယ်” ဟူ သော နီနီရဲရဲစာလုံး ခေါင်းစီး၏ အဖြေမှာ ဥပဒေ စည်းမျဉ်းစည်းကမ်း အချက် အလက်များနှင့် မညီညွတ်သေး၍သာလျှင် ဖြစ်နိုင်ကြောင်း အဖြေက တစ်ပါတည်း ပါပြီးလည်းဖြစ်လို့ နေပါသည်။
ယစ်မျိုး အက်ဥပဒေနှင့် နိုင်ငံတော် ၏ ယစ်မျိုးဆိုင်ရာမူဝါဒက မမှားပါ။ လုပ်ထုံးလုပ်နည်းနှင့် အဂတိမကင်းသည့် လုပ်ဆောင်ချက်များကသာလျှင် လွဲမှားနေ ခြင်း ဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းနှင့် မညီလျှင် ဆိုင်ပိတ်သိမ်းရန်၊ သတိပေးရန်၊ အရေးယူရန်ဖြစ်သော်လည်း နားလည် မှုဖြင့် ငွေကြေး တံစိုးလက်ဆောင်ရယူ ကာ မျက်ကွယ်ပြုနေကြခြင်းသာ အလွဲ အမှား ဖြစ်ပါ၏။

ယခုအခါ မြန်မာနိုင်ငံတွင် တောရော မြို့ပါမကျန် တရားဝင်ရော၊ တရားမဝင် ပါ အရက်ပုန်း အရောင်းဆိုင်များ များ ပြားလာပြီး လူစည်ကားရာနေရာတိုင်းတွင် အရက်ဆိုင်များ များပြားလာသည်က ငြင်းမရပါ။ မြိတ်တောင်နယ်မြေအတွင်း ဆိုလျှင် တစ်လမ်းတည်းမှာ တစ်အိမ်ခြား အရက်ဆိုင်တွေ ဖြစ်နေတာရှိသလို အချို့ နေရာတွေမှာ တက္ကသိုလ် ပရဝုဏ်နှင့် အလှမ်း မဝေးသည့်နေရာမှာ အရက်ဆိုင်တွေ ရှိနေတာမျိုး၊ စာသင်ကျောင်း၊ ဘော်ဒါ တွေအနီးမှာ စီးပွားရေးအကွက်မြင်စွာ အရက်ဆိုင် လာရောင်းချလိုတာမျိုးက မမြင်ချင့်အဆုံး။

အရက်ကို မည်သူကမှ ရိုက်ပြီး မသောက်ခိုင်းပါသော်လည်း အတုမြင် အတတ်သင် ငယ်ရွယ်သူများကပင် လွယ်လွယ် ဝယ်လို့ရပြီး လွယ်လွယ်သောက် နေကြသလို အမျိုးသမီးငယ်များပင်လျှင် အရက်နှင့် မူးယစ်အန္တရာယ်က မလွတ် ကြ။ လတ်တလော အရက်နှင့် မူးယစ်ဆေး နှင့်နွှယ်သော ရာဇဝတ်မှုများ၊ အုပ်စုဖွဲ့ ရန်ဖြစ် ရမ်းကားမှု ဖြစ်စဉ်များသာမက ယင်းအကျိုးဆက်အနေဖြင့် အရက် ကြောင်ကာ အရပ်နှင့်ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုသည့်ဖြစ်စဉ်များက ထုနှင့်ဒေး။

ထို့ပြင်သည့် အရက်နှင့် မူးယစ်ဆေး ကြောင့် ရေရှည် ဆိုးကျိုးများအနေဖြင့် အရက်စွဲရောဂါကြောင့် စိတ်ကစဉ့် ကလျားဖြစ်ခြင်း၊ အသည်းရောင် ရောဂါနှင့် အသည်းကြွပ်ရောဂါများ၊ အသည်းကင်ဆာ ရောဂါများကြောင့် အသက်တိုသည့်အပြင် နိုင်ငံအတွက် အလုပ်လုပ်နိုင်သည့် အရွယ်ကောင်းများ အရက်ကြောင့် ဆုံးရှုံးရသည့်အခါ နိုင်ငံ့ ကုန်ထုတ်စွမ်းအား နစ်နာပြီး နိုင်ငံ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက် စေနိုင်ပါသည်။

ထို့ပြင် ရပ်ကွက်တစ်ခု၊ လမ်းတစ် လမ်းတွင် အရက်ဆိုင်သည် ဘာသာရေး ကျောင်းများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် အတိုင်းအတာတစ်ခု ဝေးကွာသင့်သည့်အပြင် တရားဝင် ခွင့်ပြု သော၊ အရည်အသွေး အာမခံချက်ရှိသော၊ လိုင်စင်ရှိသော အခွန်ဆောင်ထားသော အရက်များကိုသာ သတ်မှတ်အသက်အရွယ် ပြည့်မီသော လူငယ်များကိုသာ ရောင်းချ ခွင့်ပြုသင့်သလို အများပြည်သူနှင့်ဆိုင် သော ဘာသာရေးပွဲတော်များတွင်လည်း ဒေသအလိုက် အကန့်အသတ်ဖြင့်ပါ ထိန်းချုပ်မှုများ ပြုလုပ်သင့်ပါသည်။

ယခုမူကား ဘာသာရေးပွဲတော်ရက် များတွင်ပင်လျှင် အရက်သေစာ သောက်စား မူးယစ်လျက် အမှုအခင်းများဖြစ်၊ ထိခိုက် ဒဏ်ရာ အနာတရဖြင့် ဆေးရုံဆေးခန်း သို့ရောက်လျက် ရှိကြသည်က မြင်မကောင်း ရှုမကောင်းပါ။

သို့အတွက်လည်း နိုင်ငံအတွက် လိုအပ်သည့် ယစ်မျိုးဆိုင်ရာ ဥပဒေနှင့် မူဝါဒများ ချမှတ်ကာ အရက်နှင့်ယစ်မျိုး ပစ္စည်းများကို ထိန်းချုပ်နေကြရခြင်း ဖြစ်ပါ၏။ ယင်းမူဝါဒသည်လတ်တလော အဖြစ်သာမက ရေရှည်အတွက် နိုင်ငံတော် ၏ အနာဂတ် အတွက်ပါ ချင့်ချိန်လျက် သုံးသပ်ကြရမည့်မူဝါဒလည်း ဖြစ်ပေ သည်။ ရေတို မိမိတို့ ကိုယ်ကျိုးစီးပွားသာ ရှေ့ရှုခြင်း မပြုပါဘဲလျက် နိုင်ငံတော်မှ ရေရှည်အကျိုးစီးပွားအတွက် အမြော် အမြင်ဖြင့် ချမှတ်ထားသည့် ယစ်မျိုး မူဝါဒ၊ လိုက်နာကြရမည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ အခွန်အခဆောင် လျက် သတ်မှတ် စံနှုန်းများဖြင့် ထိန်းချုပ် ပေးထားသည့် စည်းကမ်းတကျ စည်းကမ်း လိုက်နာသော အရက်နှင့်ဘီယာဆိုင် များကိုသာ ဖွင့်လှစ်ခွင့်ပြု၊ တရားဝင် လိုင်စင်ရယူလျက်၊ တရားဝင်သာ ဖွင့်လှစ် ရောင်းချပါမူကား နိုင်ငံအတွက်လည်း အကျိုးရှိ လာစစ်သမျှ ရဲနှင့် အုပ်ချုပ်ရေး မှူးများကိုလည်း မပေးကြရ၊ မကြောက် ကြရပါဘဲ ဥပဒေဘောင်အတွင်းမှ ရောင်းချလိုသလောက် ရောင်းချနိုင်မည် သာ ဖြစ်ပါ၏။

ခေတ်ရဲ့ အပြောင်းအလဲကို ကျွန်တော် တို့ လက်ခံလိုပါသည်။ သို့သော် ဗိုလ်ချုပ် ပြောသလို လမ်းမပေါ်ဆေးရိုး လှမ်းသလို စည်းလွတ်ဝါးလွတ် ပရမ်းပတာ အပြောင်း အလဲမျိုးကိုတော့ ကျွန်တော်တို့ အားမပေး လိုပါဟုသာ။

ကိုရိုးဆေး