စက်တွေလာပြီ၊ လူတွေ အလုပ်ပြုတ်နေကြပြီ

0
1102

စက်ရုံလို့ ပြောလိုက်တာနဲ့ အလုပ် တွေရတယ်လို့ တန်းပြီး ထင်တတ်ကြ တယ်။ တကယ်တော့ အဆင့်မြင့်နည်း ပညာသုံးစက်ရုံအမျိုးအစားတွေဆို လူ တွေအတွက် နေရာ သိပ်မရှိတတ်ပါဘူး။

ဘာလို့ဆို အဲဒီလို စက်ရုံတွေမှာ နည်း ပညာမြင့်စက်တွေ၊ အော်တိုစက် (အလိုအလျောက် ရွေ့လျားတပ်ဆင်ပေးတဲ့စက်)တွေသုံးပြီး အလုပ်လုပ်လို့ပါပဲ။

ဒါပေမဲ့ လုပ်သားအများအပြားသုံး ရတဲ့ စက်ရုံအမျိုးအစားတွေလည်း ရှိပါသေးတယ်။

အခုထိတော့ အမြင်သာဆုံးအဖြစ် အထည်ချုပ်တွေ၊ ဖိနပ်လို၊ အခြားလူ့ အသုံးအဆောင်ပစ္စည်းတွေထုတ်တဲ့ စက်ရုံတွေကို လုပ်သားအများအပြားလိုတဲ့ စက်ရုံတွေအဖြစ် သတ်မှတ်ထားကြပါတယ်။

ဒါပေမဲ့ အဲဒီအချိန်ကလည်း သိပ် မကျန်တော့ပါဘူး။ လူတွေနဲ့အပြိုင် အထည် ချုပ်တတ်တဲ့စက်တွေ၊ စက်ရုပ်တွေ စသုံး လာပါပြီ။ လူလိုတယ်ဆိုတဲ့ အထည်ချုပ် စက်တွေမှာတောင် စက်တွေ လာနေပါပြီ။ လူတွေ အလုပ်ပြုတ်နေကြပါပြီ။

အထည်ချုပ်လုပ်ငန်းတွေရဲ့ ဗဟို ချက်မလို့ဆိုနိုင်တဲ့ တောင်အာရှနဲ့ အရှေ့ တောင်အာရှဟာ အထည်ချုပ်လုပ်ငန်း ကွင်းဆက်ကြီးတစ်ခုလုံးလိုတဲ့ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနေပါ တယ်။ လုပ်သားအင်အားစုကတော့ အဓိကပေါ့။ ဒါပေမဲ့ အဲဒီလိုမျိုး နှစ် ၇၀ ကြာ တည်တံ့လာတဲ့ လုပ်ငန်းကြီးက တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပါပြီ။

စက်တွေတပ်ရင်၊ နည်းပညာတွေ မြှင့်လိုက်ရင် အမြတ်ပိုရလာတော့ စက် တွေ အစားထိုးနေရာယူနိုင်လာတာနဲ့ အမျှ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျွမ်းကျင်မှု နိမ့်လုပ်သား သန်းပေါင်းများစွာ အလုပ် ပြုတ်ရတော့မယ့် ကိန်းဆိုက်နေပါပြီ။

အစကတော့ အဝတ်အစား၊ ဖိနပ်၊ အိတ် စတဲ့ လူ့အသုံးအဆောင်တွေ ထုတ်တဲ့ နေရာမှာ အထည်စ၊ ဖြတ်စတွေက လူနဲ့ သာလုပ်ဖို့ သင့်တော်တယ်၊ လူ့တို့ရဲ့ လက် ချောင်း (အထူးသဖြင့် အမျိုးသမီးတွေ)တွေနဲ့သာ ကိုက်တယ်၊ အလုပ်လုပ်လို့ရ တယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ နည်းပညာမြင့်လာတာနဲ့ အမျှ၊ စက်တွေလည်း အဲလောက်ထိ စွမ်း နိုင်လာတယ်။ အလုပ်လည်း ပိုတွင်လာ ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ အခြေစိုက်တဲ့ မိုဟာမက်ဒီဖက်ရှင် အထည် ချုပ်စက်ရုံမှာဆိုရင် စက်တွေ အစားထိုး ပြီး တဖြည်းဖြည်းနဲ့ လူလျှော့လာလိုက်တာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ အလုပ်သမား ၅၀၀ ထက်မနည်း အလုပ်ဖြုတ်ခဲ့ပြီး ဖြစ် ပါတယ်။ အဲဒီစက်ရုံက ဇာထိုးပန်းထိုး ဌာနမှာ ၂၀၁၂ ခုနှစ်က စပြီး အလုပ်သမ တွေနေရာမှာ စက်တွေကို တဖြည်းဖြည်း အစားထိုးခဲ့ပါတယ်။ အဲဒီမတိုင်မီက ဇာထိုးပန်းထိုးလုပ်ဖို့ အလုပ်သမားတစ် ယောက်ကို တစ်ရက် ၁၀ နာရီလောက် အလုပ်လုပ်ခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် မှာတော့ ပန်းထိုးဌာနတစ်ခုလုံး စက်တွေ ဖြစ်သွားပါတော့တယ်။

ကမ္ဘာကျော် အဝတ်အထည် အမှတ်တံဆိပ်တွေဖြစ်တဲ့ H&M, Zara စတဲ့ တံဆိပ်တွေ ချုပ်ပေးနေတဲ့ အဲဒီအထည် ချုပ်စက်ရုံဟာ ဒီထက် စက်တွေပိုတပ်ဖို့ လည်း လုပ်နေပါပြီ။ စက်ရုံက ဌာနခွဲ တစ်ခုလုံး စက်တွေ မဟုတ်ရင်တောင် အချို့စက်ရုံတွေဆိုရင် အရင်က လူတစ် ယောက်စက်တစ်လုံး ကိုင်ခဲ့ရာကနေ အခု တော့ လူတစ်ယောက် စက် ၅ လုံးအထိ ကိုင်နေပါပြီ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စုစုပေါင်း ပို့ကုန်ရဲ့ ၈၀ ရာခိုင်နှုန်းဟာ အထည်ချုပ် တွေဖြစ်ပြီးတော့ လူ ၃ သန်းကို အလုပ် ပေးထားနိုင်ပါတယ်။ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၁၀ ပြည့်နှစ်အတွင်းမှာ အမျိုးသမီး သန်းချီအလုပ်ရကြပြီး ဆင်းရဲတွင်းကနေ ကယ်တင်နိုင်ခဲ့ပါတယ်။

အခုတော့ အလုပ်အကိုင်အခင်း အကျင်းသစ်ကြီးတစ်ခုကို ကြုံနေရပြီ ဖြစ်ပါတယ်။
ပါကစ္စတန်ဥပမာကိုလည်း တစ်ချက် ကြည့်နိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်လေးဆယ်လောက်က ပါကစ္စတန်ရဲ့ နယ်ဒေသဘက်က ဖုန်ထူ တဲ့ စက်မှုမြို့လေးမှာ ကရာတေးနဲ့ သိုင်း ပေါင်းစုံသမားတွေအတွက် ဝတ်စုံချုပ်တဲ့ စက်ရုံလေးတစ်ခုကို ပါကစ္စတန်သား ခုန်ခါရဲ့ အဖေဖြစ်သူက တည်ထောင်ခဲ့ ပါတယ်။ အခုတော့ အဲဒီစက်ရုံလေးဟာ ပါကစ္စတန်နိုင်ငံမှာ အကြီးဆုံး သိုင်းဝတ်စုံ ထုတ်စက်ရုံများအနက် တစ်ခုဖြစ်လာပါပြီ။

ဒါပေမဲ့ အခုတော့ နည်းပညာအသစ် တွေ ပေါ်လာပြီးနောက်ပိုင်း ခုန်ခါ လက်ထက်မှာ စိန်ခေါ်မှုတွေ ပိုများလာပါ ပြီ။ နှစ်ပေါင်းဆယ်ချီ လုပ်ကိုင်လာခဲ့တဲ့ အထည်ချုပ်အလုပ်သမတွေ နေရာမှာ စက်တွေ အစားထိုး ဝင်လာနေပြီဆိုတာ သူသိနေပါပြီ။ သူများတွေ ပြောင်းလဲမှု တွေနဲ့ အညီ လိုက်နေချိန် သူလည်း ကျန်ခဲ့ လို့မရတော့ပါဘူး။

အထည်ချုပ်စက်ပြပွဲတွေဆီသွားပြီး ခေတ်မီစက်တွေကို သွားလေ့လာနေရပါ ပြီ။ မကြာမီမှာပဲ သူ့အဖေလက်ထက်က ထောင်ခဲ့တဲ့စက်ရုံတွေမှာ အထည်ချုပ် အလုပ်သမတွေအစား အထည်ချုပ်စက် တွေ တဖြည်းဖြည်းအစားထိုးလာဖို့ ရှိနေပါပြီ။

ဒါကြောင့်ပဲ ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ခဲ့ တဲ့နည်းတူ၊ ပါကစ္စတန်က ခုန်ခါရဲ့ စက်ရုံမှာ စဉ်းစားနေတဲ့နည်းတူ ကမ္ဘာတစ် ခွင် အလုပ်အကိုင်အခင်းအကျင်းသစ် ကြီးကို တွေ့ရတော့မယ်လို့ ခန့်မှန်းနေ ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အလုပ်သမားတွေက ဈေးမကြီးလှပါဘူး။ ဒါပေမဲ့လည်း အလုပ်ခွင်တွင်း လူ့အခွင့် အရေးချိုးဖောက်မှု၊ လုပ်ခလစာ အပြည့် မရမှု၊ အလုပ်ခွင်တွင်း ဝန်းကျင်ကောင်း မဖန်တီးပေးနိုင်မှု အဲဒါမျိုးတွေ ရှိတတ်ပါ တယ်။ ၂၀၁၃ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ် မှာ စက်ရုံတစ်ခု ပြိုကျပြီး အလုပ်သမား ထောင်ချီ သေဆုံးခဲ့ရပါသေးတယ်။

ဒါမျိုးအဖြစ်တွေ ကြုံရင် သက်ဆိုင် ရာ ကမ္ဘာကျော် အဝတ်အထည်အသုံး အဆောင် အမှတ်တံဆိပ်တွေ အနေနဲ့ နာမည်ပျက်ရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်၊ အလုပ်သမား အခွင့်အရေးချိုး ဖောက်ခံထားရပြီး ထုတ်ထားတဲ့ အဝတ် အသုံးအဆောင်တွေ ရောင်းတယ်ပေါ့။ ဒါမျိုးကို ကျင့်ဝတ်ဆိုင်ရာ စံနှုန်းတွေနဲ့ မညီဘူးဆိုပြီး အဝေဖန်ခံရပါတယ်။ ဒါပေမဲ့ စက်တွေက အဲဒီလို ပြဿနာ မရှိပါဘူး။ ဆန္ဒလည်း မပြပါဘူး။ တစ်နေကုန်ခိုင်း လည်း စက်စွမ်းရှိသလောက် လည်နေမှာ ဖြစ်ပါတယ်။

မိုဟာမက်ဒီဖက်ရှင် စက်ရုံကနေ အဖြုတ်ခံလိုက်ရတဲ့ အလုပ်သမား ငါးရာ ရဲ့ ကံကြမ္မာမျိုးကို အခြား အာရှနိုင်ငံ တော်တော်များများမှာ ကြုံနေရပါပြီ။

Sewbot လို့ခေါ်တဲ့ အထည်ချုပ် စက်ရုပ်တွေ ပေါ်လာပါပြီ။ အမေရိကန် ပြည်ထောင်စု အာကန်ဆောပြည်နယ် က အထည်ချုပ်စက်ရုံတစ်ခုမှာရှိတဲ့ အထည်ချုပ်စက်ရုပ်တွေဟာ တစ်နှစ်မှာ အထည်ပေါင်း ၁ ဒသမ ၂ သန်းထုတ်နိုင် ပါတယ်။ ဈေးကလည်း တစ်ထည်ကို ၃၃ ဆင့် (မြန်မာငွေ ကျပ် ၅၀၀ ကျော်) ပဲ ကျသင့်ပါတယ်တဲ့။ အဲဒီဈေးက တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယားနိုင်ငံမှာ လုပ်တဲ့ ဈေးထက် သက်သာပါတယ်။

အခုတော့ အထည်ချုပ်လုပ်ငန်းတွေ အခြေကျနေပြီးသား နိုင်ငံတွေမှာ အပြောင်း အလဲတွေ စတင်နေပါပြီ။ အထည်ချုပ် အလုပ်သမားတွေဟာ သူတို့ ကိုယ်တိုင် ချုပ်တတ်ရုံနဲ့ မရတော့ပါဘူး။ စက်ရုပ် တွေ၊ စက်တွေကိုလည်း ကိုင်တွယ်တတ် ဖို့ လိုလာပါပြီ။ နည်းပညာတွေနဲ့ အကျွမ်း ဝင်လာဖို့ လိုလာပါပြီ။

မြန်မာနိုင်ငံမှာတော့ အထည်ချုပ် လုပ်ငန်းတွေ များများစားစား မရှိသေး ပါဘူး။ မြန်မာအထည်ချုပ် ပို့ကုန်ဟာ စုစုပေါင်း ပို့ကုန်တန်ဖိုးရဲ့ ၇ ရာခိုင်နှုန်း သာ ရှိပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်တန်ဖိုးဟာ စုစုပေါင်း ပို့ကုန်ရဲ့ ၈၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားမှာ ၆၅ ရာခိုင်နှုန်း ရှိပါတယ်။ မြန်မာနိုင်ငံကို အထည်ချုပ်နဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ပိုဝင်လာဖို့ ကြိုးစားနေချိန်မှာ စက်ရုပ်တွေကိစ္စက တကယ့်သတင်းဆိုး ပါပဲ။

လျှပ်စစ်မီး လုံလောက်အောင်မပေး နိုင်၊ နည်းပညာစွမ်းကလည်း နည်းပါး၊ အလုပ်သမားတွေကလည်း နည်းပညာကို နိုင်နင်းကိုင်တွယ်နိုင်မှု အဆင့်နိမ့်ပါး ချိန်မှာ မြန်မာနိုင်ငံကို အထည်ချုပ်တွေ ဘယ်လိုဝင်လာမလဲ။

သူများ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နှစ်ပေါင်း လေးဆယ်ကျော်လောက်ကတည်းက အထည်ချုပ်တွေ စဝင်ခဲ့ပါတယ်။ မြန်မာ လိုနိုင်ငံမျိုးအတွက်တော့ အခု စီးပွားရေး ပွင့်လန်းလာချိန်မှာ အုံနဲ့ကျင်းနဲ့ ဝင်လာ မလားဆိုပြီး မျှော်နေ၊ ခေါ်နေရတဲ့ အဆင့်ပါ။

ဒါပေမဲ့ ကံမကောင်းလှစွာပဲ အခု အချိန်မှာ နိုင်ငံတကာက အထည်ချုပ် လုပ်ငန်းမှာ နည်းပညာတွေ မြင့်နေပါပြီ။ မြန်မာလို နိုင်ငံမျိုးက ဈေးချိုတဲ့ အလုပ် သမားတွေ လိုပါဦးမလား စဉ်းစားစရာပါ။

မြန်မာလို အထည်ချုပ်လုပ်ငန်းတွေ လာဖို့ မျှော်နေရတဲ့ နိုင်ငံမျိုးအတွက်တော့ လမ်းကြမ်းကြီးပါပဲလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ၂၀၁၉ ခုနှစ်မှာ ထုတ်တဲ့ အစီရင်ခံစာ တစ်စောင် မှာ ဖော်ပြထားပါတယ်။

အထည်ချုပ်က သင်ဖို့လွယ်တယ်။ တတ်လွယ်တယ်။ အထူးသဖြင့် အမျိုး သမီးတွေအတွက် အလုပ်ရဖို့ လွယ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လည်း ဘာမှ သိပ်မတတ်လည်း ကာလ တစ်ခုလောက်အထိ သင်တန်းပေးလိုက် ပြီးရင် တန်းသုံးလို့ ရသွားလေ့ရှိပါတယ်။

ဒါပေမဲ့ အခုတော့ စက်တွေ လာပါပြီ။ အထည်ချုပ်စက်ရုပ်တွေလာပါပြီ။ အဲဒီ လောက်ပညာနဲ့ မရတော့ပါဘူး။

ထားဝယ်စီမံကိန်းကြီး ဖြစ်လာရင် အလုပ်အကိုင်တွေ ရကြမယ် ပြောလေ့ရှိ ပါတယ်။ ခန့်မှန်းကြလေ့ရှိပါတယ်။ ဒါပေမဲ့ အခု အထည်ချုပ်မှာ ဖြစ်တဲ့ ဇာတ်လမ်းတွေက အဲဒီလောက် မလွယ်ဘူး ဆိုတာ ပြနေပါတယ်။ ထားဝယ်စီမံကိန်း မှာ လာလုပ်မယ်ဆိုတဲ့ ဟိုစက်ရုံ ဒီစက်ရုံ တွေမပြောနဲ့၊ လူအားအလိုအပ်ဆုံးလို့ ပြောနိုင်တဲ့ အထည်ချုပ်လုပ်ငန်းမှာတောင် မှ လူလိုအပ်ချက် တဖြည်းဖြည်း နည်း လာပါပြီ။ စက်တွေ လာပါပြီ။

ကိုယ်တွေ အသင့်ပြင်ထားဖို့ လိုနေ ပါပြီ။

ဘာလဲ၊ အထည်ချုပ်လုပ်ငန်းတွေ ကိုယ်တွေဒေသမှာ သိပ်မရှိလို့ သိပ်ခေါင်း ထဲ ထည့်ထားစရာ မလိုဘူး ထင်နေလား။

သိပ်မပူပါနဲ့။ တရုတ်နိုင်ငံ ဟိုင်နန် ပြည်မှာ ရော်ဘာကို စက်ရုပ်နဲ့ စလှီးနေပါ ပြီ။ ရော်ဘာတောထဲကို စက်ရုပ်တွေ ရောက်လာတော့မယ်။ မယုံမရှိနဲ့။ ကျုပ်တို့ အသိ ရာဘာအစေးလှီးတဲ့သူတွေ အလုပ် ပြုတ်တော့မယ်။

ရော်ဘာတောရှင်တွေကတော့ အလုပ် သမားတွေနဲ့လုပ်ရင် မျက်နှာကလည်း ငယ်သေး၊ အာပေါက်အောင်လည်း ပြောရခေါ်ရတဲ့ဘေးက ဝေးတော့မယ် ဆိုပြီး ပျော်နေရော့မယ်။

ဗမောင်း

ကိုးကား –

Business Standard (2018), Rise of the robots: Automation threatens garment workers in poor countries

ILO (2019), The future of work in textiles, clothing, leather and footwear
Nikkei Asian (2019), How the death of fast fashion is transforming Asia’s garment industry

TRTWorld (2018), Will robots completely replace humans from textile factory floors/