ကမာကောင်မွေးမြူသူ နည်းပညာ အကူအညီလိုအပ်

0
1128

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပရည် ကျွန်းရွာ၌ ကမာကောင် မွေးမြူရာတွင် နည်းပညာ အကူအညီလိုအပ်နေကြောင်း ကမာကောင်မွေးမြူနေသူ ဦးအောင်လင်းစိုး ထံမှ သိရသည်။

မွေးမြူရေးနည်းပညာမရှိသဖြင့် ကမာသားပေါက်များထွက်ရှိသည့် ဒီရေ တောများ၊ သားပေါက်ဖွားနှုန်းရှိသည့် ရေမြေအနေအထား၊ ရေမှတစ်ဆင့် အစာများ၊ အောက်ဆီဂျင်များနှင့် အလင်း ရောင်တို့ တိုက်ရိုက်ရရှိနိုင်မည့် ရေမြေ အနေအထားတို့အား လေ့လာပြီး သေချာ စီစဉ်ကာ မွေးမြူခဲ့ရကြောင်း ဦးအောင် လင်းစိုးက ပြောပြသည်။

“တော်တော်လေး စိတ်ရှည်လက်ရှည် နဲ့ လုပ်ရတာ” ဟု ဦးအောင်လင်းစိုးက ပြောသည်။

ကမာမျိုးစိတ်တို့အား ဒီရေတော အတွင်းမှ ရှာဖွေပြီး တစ်လက်မခွဲအရွယ် အစားရရှိသည့်အထိ မြှုံးများဖြင့် မွေးမြူ ကာ ရရှိလာသည့် ကမာကောင်များအား ဝါးဖောင်များဖြင့် ပြုလုပ်ထားသည့် မွေးမြူရေးကန်အတွင်း ဘိလပ်မြေ (ကွန်ကရစ်) တုံးသေးနှင့်အတူ ကြိုးများ ဖြင့် တွဲချည်ကာ ရေထဲသို့ ချပြီးမွေးမြူ ရကြောင်း ၎င်းက ပြောပြသည်။

ကမာစတင် မွေးမြူချိန်မှ လက်ရှိ အချိန်အထိ ရက်ပေါင်းခုနစ်ဆယ်ခန့် အတွင်း ကမာအလုံးရေ ရှစ်ထောင်ခန့် မွေးမြူထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ကမာမွေးမြူရေးနည်း စနစ်တို့အား လာရောက် သင်ကြားပြသပေးခဲ့ကြောင်း ဦးအောင်လင်းစိုးက ပြောပြသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ် ကျေးရွာတချို့တို့မှ ထွက်ရှိသည့် ကမာကောင်များမှာ မြိတ်၊ ရန်ကုန် ဈေးကွက်တို့အပြင် ထိုင်းနိုင်ငံဈေးကွက် အထိ တင်ပို့ရောင်းချမှုများရှိနေကြောင်း သိရသည်။

မြင့်မိုရ်