ရှေးဟောင်းအုတ်မြို့ရိုးကို ထိခိုက်ပျက်စီးစေနိုင်သည့် ကမ်းပတ်တာလုပ်ငန်း သဘောမတူ

0
458

တနင်္သာရီမြို့ ရေဘေးကာကွယ်ရေး အတွက် ကမ်းပတ်တာဆောင်ရွက်မည့် လုပ်ငန်းမှာ ရှေးဟောင်းအုတ်မြို့ရိုးအား ပျက်စီးစေနိုင်သည့်အတွက် သဘောမတူကြောင်း တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေး မှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။

တနင်္သာရီမြို့ ကမ်းပတ်တာ လုပ်ငန်း အမည်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေ ကျပ်သန်း ၁၆၀ ဖြင့် ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ဆောင်ရွက်ခွင့်ရရှိထားသည့် အတွက် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့ အစည်းများ၏ အကြံပြုသဘောထား မှတ်ချက်ပေးနိုင်ရန် တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် နိုဝင်ဘာလ ၁၈ ရက်က တွေ့ဆုံဆွေး နွေးမှုပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကမ်းပတ်တာ လုပ်ငန်းအား သဘောမတူကြောင်းကို ဆွေးနွေးပွဲတက်ရောက်ခဲ့သူများက ဝိုင်း ဝန်းအကြုံပြုမှတ်ချက်ပေးခဲ့ကြောင်း စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောပြသည်။

“စာတွေ အမှတ်လက္ခဏာတွေပါတဲ့ ရှေးဟောင်းအုတ်တွေ အားလုံးပျက်ကုန် ဆွေးကုန်မှာဖြစ်လို့ သဘောမတူတာပါ”ဟု ဦးသန်းစိုးဝင်းက ပြောသည်။

မြို့ပတ်တာ၏ ရေလွှမ်းမိုးမှုအများ ဆုံးဖြစ်သည့် မြို့အဝင်မုခ်ဦးမှ ရွှေလိပ်ပြာ အထိ ပေ ၁၅၀၀ အားကွင်းဆင်းတိုင်း တာခဲ့ပြီးဖြစ်ကြောင်း မြိတ်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သက်ဆိုင်ရာတနင်္သာရီမြို့ နယ်ဌာနအဖွဲ့အစည်းများထံသို့ ပေးပို့ သည့်စာအရ သိရသည်။

ကမ်းပတ်တာလုပ်ငန်းတွင် လုပ်ငန်း သဘောအရ တာတမံအောက်ခြေအား မြေတူးစက်ဖြင့်ရှင်းလင်းခြင်းနှင့် ဖို့မြေများ လိုအပ်သည့် သိပ်သည်းမှုရရှိ စေရန် မြို့ရိုးတောင်ပေါ်သို့တက်ရောက် မြေဖို့ရန် လိုအပ်မည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကမ်းပတ်တာလုပ်ငန်းအတွက် သဘောထားမှတ်ချက်ပေးပို့ရန် အထက်ပါ စာတွင် ဖော်ပြထားသည်။

တနင်္သာရီမြို့ဟောင်းအား ရှေးဟောင်း နေရာတည်ရှိရာဇုန်နှင့် ကာကွယ်ထိန်း သိမ်းထားသောဇုန်အဖြစ် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက သတ်မှတ်ထားသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် သက်ဆိုင် သည့် တနင်္သာရီမြို့၏ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်အား ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်ကြောင်း ဦးသန်းစိုးဝင်းက ဆိုသည်။

မြင့်မိုရ်(မြိတ်)