မြိတ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး Petro & Trans ကုမ္ပဏီကို ရွေးချယ်

0
1010

မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းလုပ်ကိုင် ရန် Petro & Trans ကုမ္ပဏီကို ရွေးချယ်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ် ငန်းအတွက် တင်ဒါဝင်ပြိုင်ထားသည့် ကုမ္ပဏီများကို အမှတ်ပေးစည်းမျဉ်းများ နှင့်အညီ စိစစ်ပြီး ယင်းကဲ့သို့ ရွေးချယ် လိုက်ကြောင်း ၎င်းက ဆိုသည်။

မြိတ်မြို့နယ်လျှပ်စစ်တင်ဒါကို Petro & Trans ကုမ္ပဏီ၊ Green Power Myanmar ကုမ္ပဏီ၊ Myeik Power Generationကုမ္ပဏီ ၊ Southern Power Girdကုမ္ပဏီ၊ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီနှင့် ဖိုးသီးချိုကုမ္ပဏီတို့ က ပြိုင်ထားသည်။

အထက်ပါ ကုမ္ပဏီများအနက် Petro & Trans ကုမ္ပဏီကို နိုဝင်ဘာလဆန်းက ကျင်းပသည့် အစိုးရအဖွဲ့အစည်း အဝေးတွင် ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း ဦးအောင်သူရက ဆိုသည်။

Petro & Trans ကုမ္ပဏီက HFO လောင်စာဖြင့် လျှပ်စစ်ထုတ်လုပ်မည် ဖြစ်ပြီး တစ်ယူနစ်လျှင်၂၉၂ ကျပ်ဖြင့် ဖြန့်ဖြူးမည်ဖြစ်သည်။

အမှတ်ပေးရွေးချယ်ရာတွင် တစ်ယူနစ် ဈေးနှုန်းတစ်ခုတည်းကိုသာ ကြည့်၍ အမှတ်ပေးဆုံးဖြတ်မည်မဟုတ်ဘဲ ကုမ္ပဏီ profile၊ နည်းပညာပိုင်း အဆိုပြုမှုတို့ကိုပါ သုံးသပ် အမှတ်ပေးကြောင်း ဦးအောင်သူရက ပြောဆိုထားသည်။

“စာချုပ်ကတော့ အခုချုပ်မှာပေါ့။ ကြေညာပြီးရင် စာချုပ်မူကြမ်းတင်ခိုင်းမယ်”ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။

တင်ဒါစည်းမျဉ်းစည်းကမ်းများအရ တင်ဒါအောင်ကုမ္ပဏီအနေဖြင့် ခြောက်လအတွင်း လုပ်ငန်းစလုပ်နိုင်ရ မည်ဖြစ်သည်။

လက်ရှိ မြိတ်မြို့နယ်တွင် မြိတ်စိမ်း လန်းစွမ်းအင်ကုမ္ပဏီက ယာယီလုပ်ကိုင် နေပြီး တစ်ယူနစ်လျှင် ၄၂၀ ကျပ်နှုန်းဖြင့် ကောက်ခံနေသည်။

Petro & Trans ကုမ္ပဏီသည် ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းကိုလည်း တင်ဒါအောင်မြင်ထားသည်။

ကိုဇော်