၂၀၅၀ ရောက်ရင် ဘယ်နေရာတွေ ရေလွှမ်းနိုင်မလဲ

0
1344

အမေရိကန် အခြေစိုက် ရာသီဥတု သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Climate Central က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ “ရေနစ်တဲ့ အနာဂတ်- အရင်ကထက်ပိုဆိုးလာမယ့် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုကြောင့် ကမ္ဘာတဝန်း ထိခိုက်ဆုံးရှုံးမှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

သည်အစီရင်ခံစာမှာ အဓိက ဆွေးနွေးတင်ပြထားတာကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပထဝီမြေပြင် အခြေအနေတွေ၊ အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေတာကြောင့်၂၀၅၀ မှာ ဖြစ်လာနိုင်တဲ့ မြေပြင်အနေအထား ထိခိုက်နိုင်ချေကို ခန့်မှန်းတွက်ချက်တာပဲ ဖြစ်ပါတယ်။

ခန့်မှန်းချက်အရ လက်ရှိလူဦးရေ သန်း ၃၀၀ လောက်နေနေတဲ့ နေရာတွေဟာ ၂၀၅၀ ရောက်ရင် နှစ်စဉ် ဒီရေတက်လွှမ်းတဲ့ အခြေအနေအောက် ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း စတဲ့နိုင်ငံတွေကို လေ့လာထားချက်တွေပါပေမဲ့ မြန်မာမပါပါဘူး။ ဒါပေသိ ဒီလို အန္တရာယ်ရှိနိုင်တဲ့ ဒေသတွေကို မြေပုံနဲ့တကွ ဖော်ပြထားရာမှာတော့ မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသတွေ ပါပါတယ်။

ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ တနင်္သာရီ စတဲ့ ကမ်းရိုးတန်းဒေသတွေ အဓိက ထိခိုက်နိုင်ချေရှိနေပါတယ်။

တနင်္သာရီမှာဆိုရင်လည်း ရေဖြူမြို့နယ်ထဲက ဟိန္ဇဲမြစ်ဝဒေသနဲ့ ပင်လယ်ကမ်းခြေရွာတွေပါသလို ရေနက်ဆိပ်ကမ်းဧရိယာ၊ နာမည်ကျော် မောင်းမကန် ကမ်းခြေနဲ့ လောင်းလုံးမြို့နယ်ထဲက ကမ်းခြေတွေ၊ ထားဝယ်မြို့မြစ်ကမ်းနံဘေးက ရပ်ကွက် လူနေအိမ်ခြေတွေ၊ ထားဝယ်မြစ်ကမ်းနံဘေးဝဲယာတလျှောက် ရွာ၊ လယ်ယာခြံမြေတွေ အတော်များများ ရေလွမ်းခံရမယ့် ကိန်းဆိုက်ပါတယ်။

နောက် ပုလော၊ မြိတ်၊ ကျွန်းစု မြို့နယ်တွေထဲက နေရာအတော်များများလည်း မလွတ်ပါဘူး။ ဒီအမေရိကန်အခြေစိုက် သုတေသနအဖွဲ့ရဲ့ ခန့်မှန်းချက်တွေနဲ့ လားရာတူ အဖြေထွက်နေတာကတော့ ၂၀၁၇ မတ်လမှာ ထွက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုဘေးနဲ့ ပတ်သက်လို့ ဆန်းစစ်တွက်ချက် ခန့်မှန်းထားတဲ့ အနှစ်ချုပ်စာတမ်းငယ်မှာ ဖော်ပြထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဒီအနှစ်ချုပ်စာတမ်းငယ်ကို မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မိုးဇလဌာန စတဲ့ အစိုးရဌာနတွေနဲ့ WWF ၊ Myanmar Climate Change Alliance ၊ UN HABITANT ၊ ကိုလံဘီယာ တက္ကသိုလ် Center for Climate System Research စတဲ့ အဖွဲ့တွေ ပူးပေါင်းထုတ်ဝေတာ ဖြစ်ပါတယ်။

ဒီစာတမ်းမှာဆိုရင် မြန်မာ့ ကမ်းရိုးတန်း တလျှောက်လုံးက ပင်လယ်ရေမျက်နှာပြင်ဟာ ၂၀၂၀ နဲ့ ၂၀၂၉ ခုနှစ်အကြားမှာ ၅ စင်တီမီတာ (၂လက်မနီးပါး) ကနေ ၁၃ စင်တီမီတာ (၅လက်မစွန်းစွန်း) လောက် မြင့်တက်လာနိုင်ချေရှိပြီး ၂၀၅၀ ပြည့်လွန် နှစ်တွေမှာ ၂၀ စင်တီမီတာ (၇ လက်မ) ကနေ ၄၁ စင်တီမီတာ (၁၆ လက်မ) လောက်ထိ မြင့်လာနိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ တကယ်တော့ ပင်လယ်ရေမျက်နှာပြင်ဟာ တဖြည်းဖြည်းနှစ်တိုင်း နီးပါး မြင့် တက်လာနေတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၉၃ခုနှစ်က ရှိခဲ့တဲ့ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၄ ခုနှစ်က ရှိခဲ့တဲ့ ပင်လယ်ရေမျက်နှာပြင်ဟာ ၂လက်မခွဲ ပိုမြင့်နေတယ်လို့  အမေရိကန် အစိုးရရဲ့ National Ocean Service က ဆိုထားပါတယ်။

ဒီလို ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာရတာဟာ ကမ္ဘာကြီးပူနွေးလာခြင်းရဲ့ အကျိုးဆက်ဖြစ်ပြီး ရေထုဟာ အပူကြောင့် နေရာကျယ်ကျယ် ယူလာတာရယ်၊ အေးခဲနေတဲ့ ရေခဲလွှာချပ်ကြီးတွေ အရည်ပျော်လာတာကြောင့် ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာစေတဲ့ အဓိက ကြောင်းရင်းကြီး တရပ်ကတော့ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်တာဖြစ်ပြီး အထူးသဖြင့် ကျောက်မီးသွေး လောင်စာသုံးစက်ရုံတွေ၊ သဘာဝ ဓာတ်ငွေ့၊ ရေနံနဲ့ တခြား လောင်စာတွေ သုံးတာတွေ၊ စက်ရုံတွေက စွန့်ပစ်ပစ္စည်းတွေ နဲ့ ပြန်သုံးလို့မရတဲ့ စွန့်ပစ်အမှိုက် အညစ်အကြေးတွေကနေ ကာဗွန်တွေ ထွက်တာပါ။

၂၀၁၆ ခုနှစ်ရဲ့ ကမ္ဘာ ကာဗွန်ထုတ်လွှင့်မှု အများဆုံးနိုင်ငံတွေထဲမှာ  တရုတ်က တစ်ကမ္ဘာလုံးရဲ့ ၂၉ ရာခိုင်နှုန်းနဲ့ အများဆုံးရှိပြီး အမေရိကန်က ၁၆ ရာခိုင်နှုန်းနဲ့ ဒုတိယ လိုက်ပါတယ်။ အိန္ဒိယက ၇ ရာခိုင်နှုန်း ၊ ရုရှားက ၅ ရာခိုင်နှုန်း၊ ဂျပန်က ၄ ရာခိုင်နှုန်းစသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေက လေထုထဲကို ကာဗွန်တွေ များစွာထုတ်နေတာပါ။ ဒီ ၅ နိုင်ငံကထုတ်တဲ့ ပမာဏတောင်မှ တစ်ကမ္ဘာလုံးရဲ့ ၆၁ ရာခိုင်နှုန်းရှိပြီး ကာဗွန်မက်ထရစ်တန်စုစုပေါင်း (၁၈၅၅၂.၄) ရှိပါတယ်။

ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတဲ့ အခါမှာ ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေ ဒုက္ခရောက်မှာ ဖြစ်ပါတယ်။ ရေချိုတွေ အရည်အသွေးကျသွားတာ၊ ဆားငန်ရည်ဝင်တာ၊ မြေတွေ ဆားပေါက်တာ လိုမျိုးဖြစ်လာရင် အသက်ရှင်သန်ရေးအတွက် အရေးပါတဲ့ ရေရဖို့ နဲ့ စိုက်ပျိုးရေး လုပ်လို့ အဆင်ပြေတော့မှာ မဟုတ်ပါဘူး။

မိမိတို့ နေရပ်မှာ မကြာခဏ ရေလွှမ်းတာတွေ ဖြစ်လာရင် ပြောင်းရွှေ့ရမယ်။ မြေယာ၊ ဥယျာဉ်တွေ စွန့်လွှတ်ရနိုင်ပါတယ်။ လှပတဲ့ သဘာဝ ဝန်းကျင်တွေဖြစ်တဲ့ သဲသောင်မွမွ ကမ်းခြေတွေ ပုံစံပြောင်းကုန်မယ်။ ဒီလိုနေရာတွေ ပျက်စီးကုန်လို့ လူတွေ အလည်အပတ်မလာတော့ရင် ဒါကိုမှီခိုနေတဲ့ စီးပွားရေးလုပ်ငန်းတွေ လဲကုန်မယ်။ ဒီလိုအခြေအနေတွေကို လူပေါင်းများစွာ ကြုံလာတဲ့ အခါ ကြီးမားတဲ့ လူမှု စီးပွား ကပ်၊ ရွှေ့ပြောင်းသွားလာမှု စတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ချေများပါတယ်။

ဖိုးကြာရိုး

ကိုးကား။ ။


https://reliefweb.int/sites/reliefweb.int/files/resources
/climate_risk_assessment_summary_eng.pdf


https://climatecentral.org/news/report-flooded-future-global-
vulnerability-to-sea-level-rise-worse-than-previously-understood


https://oceanservice.noaa.gov/facts/sealevel.html


https://www.ucsusa.org/resources/each-countrys-share-co2-emissions