အတုတွေ သောင်းကျန်းနေတဲ့ပြည်

0
666

အခုတလော အတုတွေနှင့် ပတ်သက်သည့် သတင်းများကို ခပ်စိပ်စိပ် ကြားနေ ရသည်။ စစ်တပ်အရာရှိ ဟောင်းတစ်ဦး၏ ပိုက်ဆံအတု၊ ပြည်ထောင်စုဝန်ကြီးတစ်ဦး ၏ဘွဲ့လက်မှတ် အတု၊ ရာထူးတိုးတင် ကြသည့် တက်္ကသိုလ် ဆရာ၊ ဆရာမများ၏ စာတမ်းအတု၊ တရုတ်နိုင်ငံသားငါးဦး၏ အယောင်ဆောင်ရဲအတု စသည်ဖြင့် အတုတွေက ဗရပွဖြစ် နေသည်။ ထိုအထဲမှာ အဆိုးဆုံးနှင့် မျက်နှာအပြောင်ဆုံးက သတင်းအတုတွေ ဖြစ်သည်။

“အတုတွေဟာ တန်ဖိုးကြီးတယ်”လို့ ကောင်မလေးတစ်ယောက်က လွှတ်ခနဲ ပြောလိုက်သည့်စကားကို ကျွန်တော့်အနေ ဖြင့် အတော်လေး သဘောကျသွားမိသည်။ ကျွန်တော့်အတွက် စဉ်းစားစရာတွေ အများ ကြီးရလိုက်သဖြင့် သူ့ကို ကျေးဇူးတင်နေမိ သည်။ သူဆိုလိုသည်က သူဝယ်လိုက် ရသည့် ဆံပင်အတုတစ်ခုက တကယ့် အရည်အသွေးကောင်းဆိုလျှင် ပိုက်ဆံ သိန်းချီ ပေးရသောကြောင့် “အတုတွေဟာ တန်ဖိုးကြီးတယ်”ဟု ပြောခြင်း ဖြစ်သည်။

သူပြောတာကို မှားတယ်လို့လည်း မဆိုသာ။ တချို့သော အတုတွေက ကျွန်တော်တို့အတွက် တန်ဖိုးကြီးလှ သည်။ ဥပမာ နှလုံးအတုဆိုလျှင် သာမန် ဆင်းရဲသားတို့ မတတ်နိုင်သည့်ကိစ္စ ဖြစ်သည်။ စိန်အတု၊ ရွှေအတု တို့သည်လည်း သူ့တန်ဖိုးနှင့် သူတော့ ရှိပေလိမ့်မည်။ တချို့သော အတုတွေက ဈေးသက်သာ ချင်သက်သာမည်။ သို့သော်လည်း လုံး၀ တန်ဖိုးမဲ့တော့ မဟုတ်။ အတုတွင်လည်း အတုတန်ဖိုးတော့ ရှိနေသည်။

တချို့သော အတုတွေက လူသား များအတွက် ဆိုးကျိုးဖြစ်စေသော်လည်း ကျွန်တော်တို့ မှီခိုအားထားရသည့် အတုများ၊ ကျွန်တော်တို့ကို အကျိုးပြုသည့် အတုများလည်း ရှိနေပေသေးသည်။ နှလုံးအတု၊ အရိုးအတု၊ သွားအတု၊ ခြေ အတု စသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း အတုများသည် လူသားတို့အတွက် များစွာအကျိုး ရှိစေသည်။ အခုဆိုလျှင် AI ဟု အတိုကောက် ခေါ်ကြသည့် မှတ်ဉာဏ်အတုက ကမ္ဘာတစ်ဝှမ်း ခေတ်စား လာသည်။ အမေရိကန်လို နိုင်ငံမျိုးက AI ကို စစ်ဘက်ထောက်လှမ်းရေး အတွက် အလေးပေးပြီး အသုံးပြုလိုသော်လည်း၊ နိုင်ငံအများစုကတော့ စီးပွားရေးအတွက် အသုံးပြုတာများ Facebook၊You Tube၊Twitter၊Instagram စသည်တို့တွင် AI နည်းပညာကို ထည့်သွင်းထားသည်။ သင်ဘာကြိုက်သည်ကို ထောက်လှမ်းနိုင်ဖို့AIနည်းပညာကို ထည့်သွင်းထားသည်။

အတုအတွက် ပေးရသည့် တန်ဖိုးကြီးသလို ပေးဆပ်ရသည့် တန်ဖိုးလည်း ကြီးနိုင်သေးသည်။

ဖေ့စ်ဘွတ်ခ်ပေါ်တင်လိုက်သည့် သတင်းအမှားတစ်ခု၊ သတင်းအတုတစ်ခု က ဖန်တီးသူအတွက် သိပ်တန်ဖိုးမကြီးလှ သော်လည်း ခံရသူအတွက်မူ ပေးဆပ်ရ သည့် တန်ဖိုးက ကြီးလွန်းလှသည်။ ဥပမာ မိုးလေဝသပညာရှင် ဆရာကြီးဦးထွန်းလွင် ဆုံးပါးပြီဆိုသော သတင်းမျိုးက ကာယကံ ရှင်နှင့် သူ၏မိသားစုဝင်များအတွက်များစွာ ထိခိုက်ခံစားရနိုင်သလို ဆရာကြီး ဦးထွန်းလွင်ကို ချစ်ခင်ကြသည့် သူ၏ မိတ်ဆွေအပေါင်းအသင်းများ၊ သူ့ပရိသတ်များ၊ သူ့ကိုချစ်ခင်ကြသည့် သူများအတွက် များစွာ စိတ်ထိခိုက် ခံစားကြရသည်။ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဆယ်လီဖြစ်လိုစိတ် တစ်ခုတည်းဖြင့် သတင်းမှန်မမှန်ကို သေချာမစုံစမ်း၊ မစူးစမ်းကြဘဲ သူ့ထက်ငါဦး အလုအယက်ပို့စ်တင်ကြခြင်းက လူတစ် ဖက်သားကို များစွာစိတ်အနှောင့်အယှက် ဖြစ်စေသည်။ တချို့ကလည်း ရည်ရွယ် ချက်ရှိရှိဖြင့် လူတစ်ဖက်သားကို ထိုးနှက် တိုက်ခိုက်ချင်သောကြောင့် သတင်းအတု ဖန်တီးသည်များလည်း ရှိနိုင်သည်။ နိုင်ငံရေးလောကတွင် ထိုကဲ့သို့သော သတင်းအတု ဖန်တီးမှုများက ပိုမိုများပြားနေပေမည်။

ဒီရက်ပိုင်းအတွင်းမှာပင် ဝန်ထမ်းတွေ လစာ ၅၀၀၀၀ ကျပ် တိုးပေးတော့ မည်ဆိုသည့် သတင်းတစ်ခုက ဖေ့စ်ဘွတ်ခ် ပေါ်တွင် ပျံ့နှံ့လာပြန်သည်။ ဝန်ထမ်းငယ် အတော်များများ တစ်ညတာတော့ ပျော်ရွှင်ခွင့်ရခဲ့သည်။ သူတို့ပျော်နေကြ သည်ကို ကြည့်ပြီး ကိုယ်ပါရောယောင်ပြီး ပျော်လိုက်သေးသည်။ သို့သော်လည်း မနက်မိုးလင်းသည်နှင့် ထိုသတင်းမှာ သတင်းအမှားဖြစ်ကြောင်း သိလိုက်ရ ချိန်တွင်တော့ အားလုံးအတွက် စိတ်ပျက် အားလျော့စရာတွေ ဖြစ်ကုန်သည်။ ဒေါသလည်း အတော်ထွက်ကုန်ကြသည်။ လူတစ်ယောက်၏အားနည်းချက်ကို အခွင့်ကောင်းယူပြီး စော်ကားလိုက်သလို ဖြစ်သွားတော့ စိတ်ဆိုးဒေါသထွက်မည်ဆိုလည်း ထွက်သင့်ပေသည်။ အဆင်မပြေ သူတွေအတွက် ငွေကျပ် ၅၀၀၀၀ သည် တန်ဖိုးရှိပေသည်။ မိသားစုအတွက် များစွာ အထောက်အပံ့ ဖြစ်လာနိုင်သည်။ သို့သော်လည်း တကယ့်လက်တွေ့တွင်မူ အစော်ကားခံရခြင်းသက်သက်မျှသာ။

ထိုသတင်းအတုကို ဖန်တီးသူများ အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ပခရီးထွက်ချိန်နှင့် အချိန်ကိုက်ပြီး တမင်တကာ ပြုလုပ်ကြခြင်းလောဆို သည်မှာ စဉ်းစားစရာဖြစ်လာသည်။ သို့သော်လည်း နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိရှိမရှိရှိ ဝန်ထမ်းတွေကို ပစ်မှတ်ထား လုပ်ဆောင်ခြင်းကိုမူ ရှုံ့ချရပေမည်။ ထိုသတင်းအတုအတွက် ဝန်ထမ်းပေါင်း များစွာ၏ စိတ်ထဲတွင် ဒဏ်ရာအနာတရ ဖြစ်ကျန်ခဲ့ပေမည်။ အမြန်ကုစားပေး နိုင်ပါစေဟုသာ ဆုတောင်းပေးလိုက်မိသည်။

သန်းဇော်ဦး(ရလိုင်)