ထားဝယ်တက္ကသိုလ်တွင် ရသစာပေ အရေးအသား ဘာသာရပ်ဝင်ခွင့်ရ နှစ်ဦးသာရှိ

0
623

တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် တက်ရောက်ခွင့်ရသူများစာရင်းကို ပညာရေးဝန်ကြီးဌာနက အောက်တိုဘာ လ ၃၁ ရက်က ထုတ်ပြန်ခဲ့ရာ ထားဝယ်တက္ကသိုလ်တွင် ရသစာပေအရေးအသား အထူးပြုဘာသာရပ်ဝင်ခွင့်ရသူ နှစ်ဦးသာရှိသည်။

ထားဝယ်တက္ကသိုလ်ရှိ အထူးပြုဘာသာရပ် ၁၅ ခုတွင် ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ကျော်အနက် ရသစာပေအရေးအသား အထူးပြုဘာသာရပ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသာ ပါဝင်နေခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ်တက္ကသိုလ်တွင် ရသစာပေ အရေးအသား အထူးပြုဘာသာရပ်ကို ယမန်နှစ်ပညာသင်နှစ်က စတင်သင်ကြားခွင့် ပြုထားပြီး ယင်းပညာသင်နှစ်ကလည်း ကျောင်းသား၊ ကျောင်သူ နှစ်ဦးဝင်ခွင့်ရခဲ့ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

သို့သော် ယင်းကျောင်းသားနှစ်ဦးမှာ ၎င်းတို့ဝင်ခွင့်ရသည့် အထူးပြုဘာ သာရပ်ကို သင်ကြားခွင့်မရဘဲ မြန်မာစာ အထူးပြုဘာသာရပ်ကို ကူးပြောင်းသွားခဲ့ရကြောင်း အထက်ပါသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မသီရိမိုးက ပြောသည်။

“အဲဒီဘာသာကို (ရသစာပေအရေးအသား) သင်ပေးမယ့်ဆရာမရှိလို့ ပြောင်းသွားတယ်လို့တော့သိရတယ်”ဟု မသီရိမိုးက ဆိုသည်။

ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေကမူ ယင်းကျောင်း သားနှစ်ဦးကို မြန်မာစာအထူးပြုကျောင်းသားများနှင့် ရောနှောသင်ကြားရာမှ ၎င်းကျောင်းသားနှစ်ဦးကိုယ်တိုင်က မြန်မာစာ အထူးပြုကို ပြောင်းလိုလာသဖြင့် ပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ယခုပညာသင်နှစ်တွင်မူ ရသစာပေ အရေးအသားအထူးပြုဘာသာရပ်ကို သင်ကြားနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

မြိတ်တက္ကသိုလ်တွင်လည်း ယခု ပညာသင်နှစ်တွင် ရသစာပေအရေး အသားအထူးပြုဘာသာရပ်ဝင်ခွင့်ရသူ နှစ်ဦးသာရှိကြောင်း ပညာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Dawei Watch