အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် စကားရည် လုမည်

0
599

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် စကားရည်လုပွဲ (Debate) ကို နိုဝင်ဘာလ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်အမျိုးသမီး သမဂ္ဂထံမှ သိရသည်။

ထားဝယ်မြို့တွင် ပထမဆုံးပြုလုပ် မည့် ယင်းစကားရည်လုပွဲတွင် ခေါင်းစဉ် သုံးခုပါဝင်မည်ဖြစ်ပြီး တစ်ခုလျှင် အဆို တစ်ဦး၊ ပြန်လည်ချေပသူတစ်ဦး စုစုပေါင်း ခြောက်ဦးပါဝင်မည်ဖြစ်ကြောင်း သမဂ္ဂ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင်က ပြောကြားသည်။

စကားရည်လုပွဲ ခေါင်းစဉ်များကိုထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း စကားရည်လုပွဲတွင် ပါဝင်မည့်သူများကို မှု သက်ဆိုင်ရာခေါင်းစဉ်အလိုက် သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း မယ်းနုနုလှိုင်က ပြောသည်။

“Debate (စကားရည်လုပွဲ) လုပ်တဲ့ ယဉ်ကျေးမှုက မြန်မာပြည်မှာဆိုရင်ရှားပါတယ်။ ထားဝယ်မှာဆိုရင်တော့ ပထမ ဆုံးလုပ်တာ။ အခုတော့ ဒီပွဲမှာပါမယ့်လူငယ်တွေကိုဖိတ်ခေါ်နေတယ်”ဟု ၎င်းက ဆိုသည်။

စကားရည်လုပွဲများသည် ပြည်သူများကို သတင်းအချက်အလက်ပေးရာ ရောက်သလို ဒီမိုကရေစီထွန်းကားသည့် နိုင်ငံများအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် ထိုသို့ စီစဉ် ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းစကားရည်လုပွဲကို ပြိုင်ပွဲကဲ့သို့ ပြုလုပ်ရန်စီစဉ်နေပြီး ပြိုင်ပွဲအသွင်ကျင်းပပါက အမှတ်ပေးဒိုင်များက အကဲဖြတ်သည့်အပြင် အွန်လိုင်းအမှတ်ပေးစနစ် ဖြင့်အကဲဖြတ်ရန်လည်း စီစဉ်နေကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ယင်းစကားရည်လုပွဲတွင် ပါဝင်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် အောက်တိုဘာလ ၃၀ ရက် နောက်ဆုံးထားကာ ထားဝယ်အမျိုးသမီး သမဂ်္ဂကို ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကျော်သူစိုး