အရှေ့မော်တုံးရွာတွင် စပါးခင်းရေမြုပ်သဖြင့် ဖရဲသီးစိုက်သူများလာ

0
586

ယခုနှစ်မိုးရာသီက စပါးစိုက်ခင်းများရေမြုပ်ပျက်စီးခဲ့သောကြောင့် ဖရဲသီး စိုက်ပျိုးသူပိုများလာကြောင်း တနင်္သာရီ မြို့နယ် အရှေ့မော်တုံးကျေးရွာရှိ ဖရဲစိုက် တောင်သူအချို့ထံမှ သိရသည်။

အရှေ့မော်တုံးကျေးရွာသည် တနင်္သာရီ မြို့နယ်တွင် ဖရဲသီးအများဆုံးစိုက်ပျိုး သည့် ကျေးရွာဖြစ်ပြီး ယခုနှစ်တွင် အပင်ရေနှစ်သောင်းခန့် စိုက်ပျိုးထားကြောင်း ယင်းကျေးရွာရှိ ဖရဲစိုက်တောင်သူ အချို့က ပြောသည်။

အဆိုပါကျေးရွာတွင် ပြီးခဲ့သည့် နှစ်က ဖရဲစိုက်သူ ဆယ်ဦးခန့်ရှိရာ ယခုနှစ်တွင် နှစ်ဆယ်ဦးခန့်ရှိလာကြောင်း ဖရဲ စိုက်သူတစ်ဦးဖြစ်သူ ဦးမောင်သန်းက ပြောသည်။

“လယ်မလုပ်ရတော့ ဖရဲစိုက်လာ ကြတာပါ”ဟု ဦးမောင်သန်းက ပြောသည်။

ပြီးခဲ့သည့် လအတွင်းက တနင်္သာရီ မြစ်ရေတက်မှုကြောင့် လယ်ယာမြေများ နစ်မြုပ်ပျက်စီးခဲ့သည်။

 ဖရဲစိုက်ပျိုးသူ များလာသဖြင့် ဖရဲအထွက်များလာမည်ဖြစ်ပြီး ဈေးကျ လာနိုင်ကြောင်း ဖရဲစိုက်တောင်သူ အချို့ က ဆိုသည်။

ပုံမှန်အားဖြင့် ဒေသထွက် ဖရဲသီး တစ်လုံးလျှင် အများဆုံး ၃၅၀၀ ကျပ် အထိဈေးရှိသော်လည်း ယခုနှစ်တွင် အများဆုံး ကျပ် ၂၅၀၀  အထိသာ ဈေးရှိ နိုင်သည်ဟု ၎င်းတို့ကခန့်မှန်းသည်။

“ဈေးနည်းပေမယ့် တွက်ခြေကိုက်ပါတယ်”ဟု အရှေ့မော်တုံးကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ဖရဲစိုက်သည့် အမျိုးသားတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် ဖရဲစိုက်ပျိုးလေ့ရှိပြီး မိမိ ပိုင်လယ်ယာမြေများပေါ်တွင် စိုက်ပျိုးသူ များရှိသကဲ့သို့ မြေယာငှားရမ်း လုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။       

 မြင့်မိုရ်(မြိတ်)